ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်းရှိ လူနေတိုက်ခန်းကို ထိမှန်ပြီး အရပ်သား (၃) ဦး သေဆုံး

ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်းရှိ လူနေတိုက်ခန်းကို ထိမှန်ပြီး အရပ်သား (၃) ဦး သေဆုံး
အောက်တိုဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းနယ်မြေတစ်ခုရှိ လူနေတိုက်ခန်းကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် အနည်းဆုံး အရပ်သား (၃) ဦး သေဆုံးခဲ့သည်။ 

ယူကရိန်းတောင်ပိုင်း Zaporizhzhia နယ်မြေ Zaporizhzhia မြို့ရှိ လူနေတိုက်ခန်းကို ရုရှားဒုံးကျည် ထိမှန်ခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများအောက်တွင် လူအချို့ ပိတ်မိနေခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူးက အောက်တိုဘာလ (၆) ရက်နေ့တွင် ပြောသည်။

အောက်တိုဘာလ (၆) ရက်နေ့၏ ဒေသစံတော်ချိန် နံနက်အစောပိုင်းက လူနေတိုက်ခန်းကို ရုရှားဒုံးကျည် ထိမှန်ခဲ့ပြီးနောက် အထပ် (၅) ထပ်ပါ လူနေတိုက်ခန်းအဆောက်အအုံ ပြိုကျပျက်စီးသွားပြီး အပျက်အစီးများ စုပုံနေသည်ကို တွေ့ရသည်။ 

မီးသတ်သမားများက အဆောက်အအုံပျက်တွင် မီးလောင်မှုကို ငြှိမ်းသတ်ပြီး အသက်ရှင်ကျန်သူများကို ရှာဖွေကယ်ဆယ်ခဲ့ကြသည်။

လူနေတိုက်ခန်းတွဲကို ဒုံးကျည်ထိမှန်ခံရမှုကြောင့် လူ (၁၂) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အပျက်အစီးများအောက်တွင် လူ (၅) ဦး ပိတ်မိနေကြောင်း Zaporizhzhia မြို့တော်ဝန် Oleksandr Starukh က ပြောသည်။ 

Zaporizhzhia မြို့အတွင်း ရုရှားဒုံးကျည် (၇) စင်း ထိမှန်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က Twitter တွင် ရေးသားထားသည်။

ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ၎င်း၏တပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေးနေရချိန်၌ပင် ရုရှားက အရပ်သားပစ်မှတ်များကို တိုက်ခိုက်နိုင်ကြောင်း သတိပေးမှုဖြစ်သည်ဟု Zaporizhzhia နယ်မြေအုပ်ချုပ်ရေးမှူးက ဆိုသည်။ 

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုရှားဘက်က တစ်စုံတရာ ပြောကြားမှုမရှိသေးကြောင်း Reuters သတင်းက ဖော်ပြသည်။

ရုရှားတပ်ဖွဲ့များမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီး ၎င်းတို့ သိမ်းပိုက်ထားခဲ့သည့် စတုရန်းမိုင် ထောင်နှင့်ချီသည့် နယ်မြေများကို စက်တင်ဘာလဆန်းပိုင်းမှစ၍ ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ခြင်းခံရနေရကာ ထိုနယ်မြေများမှ ဆုတ်ခွာထွက်ပြေးနေကြရသည်။ 

ရုရှားသမ္မတပူတင်က တရားဝင်သိမ်းပိုက်လိုက်ပြီဟု မကြာသေးမီက ကြေညာခဲ့သည့် နယ်မြေများအတွင်းရှိ မြို့ရွာများကို ယူကရိန်းတပ်ဖွဲ့များက အလျင်အမြန် ပြန်လည်သိမ်းပိုက်နေကြောင်း သိရသည်။

ရုရှားတပ်ဖွဲ့များ အရေးပါသည့် ယူကရိန်းအရှေ့ပိုင်း Lyman မြို့မှ ဆုတ်ခွာခဲ့ရမှုအပေါ် သမ္မတပူတင်၏ ဩဇာကြီးမာသော မဟာမိတ် (၂) ဦးက လူသိရှင်ကြား လှောင်ပြောင်ဝေဖန်ခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် သိမ်းပိုက်ခံ ယူကရိန်းနယ်မြေတွင် ရုရှားက ခန့်အပ်ထားသည့် တာဝန်ရှိသူတစ်ဦးကလည်း ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ပူတင်၏မဟာမိတ်တစ်ဦးဖြစ်သူ Sergie Shoigu ၏ အတွေးအခေါ် အကြံအစည်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပြီး စစ်ရေးရှုံးနိမ့်မှုများအတွက် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ရန် ပြောဆိုခဲ့သည်။

Source: Reuters

Photo: REUTERS/Stringer,