အီတလီနိုင်ငံ မြောက်ပိုင်း Emilia-Romagna နယ်မြေအတွင်း ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၈) ဦး သေဆုံးပြီး လူဦးရေ ထောင်နှင့်ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရကြောင်း အာဏာပိုင်များက မေလ (၁၇) ရက်နေ့တွင် ပြောသည်။
ဆက်လက်၍ ရေကြီးမှုအခြေအနေ ပိုဆိုးလာနိုင်သေးကြောင်းလည်း အာဏာပိုင်များက သတိပေးထားသည်။
ထိုနယ်မြေ၏ နေရာအချို့တွင် ပျမ်းမျှ တစ်နှစ်တာ မိုးရေချိန်၏ ထက်ဝက်ကို (၃၆) နာရီအတွင်း ရရှိခဲ့သည်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း Civil Protection ဝန်ကြီးဌာန ဝန်ကြီး Nello Musumeci က ပြောသည်။
မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အနီးအနားရှိ မြို့များအတွင်းသို့ ရေများစီးဝင်ခဲ့ပြီး စိုက်ပျိုးမြေ ထောင်နှင့်ချီ ရေနစ်မြုပ်ခဲ့သည်။
"မိုးရွာတာက မပြီးသေးဘူး။ နာရီနဲ့ချီကြာအောင် ဆက်ရွာလိမ့်မယ်။ အလွန် အလွန် ရှုပ်ထွေးတဲ့ အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်" ဟု Civil Protection Agency လက်ထောက်အကြီးအကဲ TittiPostiglione က SkyTG24 သတင်းဌာနကို ပြောသည်။
Emili-Romagna နယ်မြေ ဒုတိယအကြီးအကဲ Irene Priolo က သတင်းထောက်များကို ပြောကြားမှုအရ သေဆုံးသူ (၈) ဦး၏ အလောင်းများကို နေရာစုံတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
နယ်မြေအတွင်း မြစ် (၁၄) စင်းတွေ မြစ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ Cesena ကဲ့သို့ မြို့များရှိ ဒေသခံများ ၎င်းတို့၏ အဆောက်အအုံ ခေါင်းမိုးများပေါ်သို့ တက်နေခဲ့ကြရပြီး မီးသတ်သမားများက ၎င်းတို့ကို ရဟတ်ယာဥ်များ သို့မဟုတ် ရော်ဘာလှေများနှင့် ကယ်ဆယ်ခဲ့သည်။
"မြစ်တွေအနီးအနားကို မသွားကြပါနဲ့။ ချောင်းတွေ တူးမြောင်းတွေနဲ့နီးတဲ့ ဧရိယာမှာ နေထိုင်ကြသူတွေ အထပ်မြင့်တွေကို ရွှေ့ပြောင်းသင့်ပါတယ်" ဟု နယ်မြေအကြီးအကဲ Stefano Bonaccini က Facebook ပို့စ်တွင် ပြောထားသည်။
ရေကြီးမှုကြောင့် နယ်မြေအတွင်းရှိ ကားလမ်းနှင့် ရထားလမ်းများကို ပိတ်ထားခဲ့ပြီး ဘိုလော့ဂ်နာ အပါအဝင် မြို့ကြီးမြို့ငယ်များမှ မြို့တော်ဝန်များက မြို့ခံများကို ၎င်းတို့၏ နေအိမ်များမှ အပြင်မထွက်ကြရန် တိုက်တွန်းခဲ့သည်။
Emili-Romagna နယ်မြေအတွင်း မြို့ရွာ (၃၇) ခုတွင် မြေပြိုမှု (၁၂၀) ခန့် ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။
Adriatic ကမ်းရိုးတန်းနှင့်နီးသည့် အီတလီမြောက်ပိုင်း Ravenna မြို့တွင် ရေကြီးမှု အဆိုးဆုံး ဖြစ်ပေါ်ခဲ့သည်။
ရေကြီးမှုကြောင့် အီတလီနိုင်ငံ Imola မြို့တွင် ယခု သီတင်းပတ်အတွင်း ကျင်းပရန်ရှိသည့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ (Formula One Grand Prix) ကို ဖျက်သိမ်းလိုက်ကြောင်းလည်း သိရသည်။
Imola မြို့မှာ ရေကြီးမှု အဆိုးဆုံး ဖြစ်ပေါ်ခဲ့သည့် ဧရိယာများနှင့်အနီးတွင် တည်ရှိနေရာ အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အနှောင့်အယှက်ကင်းရန်နှင့် ကားမောင်းပြိုင်ပွဲ ပရိသတ်များ ရေကြီးမှုဖြစ်နေသည့် နယ်မြေသို့ မလာရောက်စေရန် ကားမောင်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။
ယခုရေကြီးမှုမှာ ၂၀၂၃ ခုနှစ် မေလအတွင်း Emilia-Romagna နယ်မြေတွင် ဒုတိယအကြိမ် ဆိုးရွားသည့် မိုးလေဝသဖြစ်စဥ် ကြုံတွေ့ရခြင်းဖြစ်ပြီး မေလအစပိုင်းကလည်း မုန်တိုင်းများတိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၂) ဦး သေဆုံးခဲ့သည်။
Source: Reuters
Photo: REUTERS/Jennifer Lorenzini, Vigili del Fuoco