နေပြည်တော် ဇေယျာသီရီနှင့် ပုဗ္ဗသီရိမြို့နယ်များတွင် ရေကြီးနစ်မြုပ်၍ သစ်ပင်ပေါ်တက်နေရသည့် ရေဘေးသင့်များကိုလိုက်ရှာကယ်နေရ

နေပြည်တော် ဇေယျာသီရီနှင့် ပုဗ္ဗသီရိမြို့နယ်များတွင် ရေကြီးနစ်မြုပ်၍ သစ်ပင်ပေါ်တက်နေရသည့် ရေဘေးသင့်များကိုလိုက်ရှာကယ်နေရ
စက်တင်ဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

နေပြည်တော် ဇေယျာသီရီမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များတွင် ယမန်နေ့ညကစ၍ ရေနစ်မြုပ်သဖြင့် ပိတ်မိနေသည့် ဒေသခံများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေ ကယ်ဆယ်ပေးနေကြကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် စည်ပင်အုပ်စု၊ ညောင်ပင်ကြီးရွာအပြင် ရွာများရေမြုပ်နေပြီး ပုဗ္ဗသီရိမြို့နယ်တွင် ဇီးကုန်း၊ ကုလားရွာအပြင် ကျေးရွာအများစု ရေမြုပ်နေပြီဟု သိရသည်။ 

"မနေ့ကပုဗ္ဗသီရီမြို့နယ် ကုလားရွာနားမှာ မကျည်းပင်ပေါ် ကလေးတွေနဲ့ လူကြီး(၁၅)ယောက်လောက် တက်နေရလို့ သွားကယ်ရတယ်။ အဲဒီလို အခြေအနေတွေ ထပ်ရှိနေသေးတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေကြီးနစ်မြုပ်၍ သစ်ပင်များတွင် တက်နေရသူများမှာ မြွေအန္တရာယ်ကိုလည်း ကြောက်နေကြရသည်ဟု ဒေသခံတစ်ဦးကဆိုသည်။

"ရေတွေက တပြင်လုံးဖြစ်နေပြီ။ အိမ်တွေလည်း မြုပ်ကုန်ပြီ။ တက်နေစရာဆိုလို့ အပင်တွေပဲရှိတော့တယ်။ လူတွေရော မြွေတွေရော အတူတက်နေရတဲ့အဖြစ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယင်းအပြင် နေအိမ်အချို့၌လည်း ပိတ်မိနေသူများရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ရေဆက်လက်မြင့်တက်နေပြီး ရေစီးအားလည်းသန်ကာ စိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: လူမှုကရုဏာရှင်