ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ဆေးရေးဂိတ်မှ လမ်းပိုင်းမိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ဆေးရေးဂိတ်မှ လမ်းပိုင်းမိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ
အောက်တိုဘာ 21, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ လမ်းပိုင်းမိုင်းရှင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ဆေးရေးဂိတ်မှ ရေပိုးစားဘက်သို့ ထွက်လာသည့် အင်အား (၃၀)ခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၈) နာရီ (၅၀) မိနစ်ခန့်တွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် လမ်းပိုင်းမိုင်းရှင်းခြင်း လုပ်ဆောင်နေစဉ် အသင့်စောင့်ဆိုင်းနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်း(၃)လုံး (၂) ပွိုင့်နှင့် (၄) လုံး (၁) ပွိုင့် တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးအား ထိမှန်ခဲ့ပြီး (၁) ဦး သေဆုံး၍ (၁) ဦး (စိုးရိမ်ရ) ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းက ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် အထိနာသွားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa ၊ နွေဦးလူငယ် People's Defence Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ Venom Revolution Force၊ Shining Star. Local  Defense Force၊ Myinmu Local Defence Force နှင့် မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  People's Defence Force - South Monywa (ပုံဟောင်း)