မြန်မာပြည်တဝှမ်းလုံးကို စစ်ခေါင်းဆောင်က လေတပ်ဌာနချုပ်စခန်း ၁၁ ခုဖြင့် ဗုံးကြဲနေ

မြန်မာပြည်တဝှမ်းလုံးကို စစ်ခေါင်းဆောင်က လေတပ်ဌာနချုပ်စခန်း ၁၁ ခုဖြင့် ဗုံးကြဲနေ
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာနိုင်ငံတဝှမ်း လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် လေတပ်ဌာနချုပ်စခန်း (၁၁)ခုရှိသည်။ 

မြေပြင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီ၏ လေတပ်သည် နိုင်ငံတဝှမ်းလုံးတွင် ဖြန့်ကျက်ထားပြီး လေကြောင်းမှ မြို့၊ ရွာများမကျန် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ 

၎င်းတို့ဖြန့်ကျက်ထားသည့် လေတပ်ဌာနချုပ်များမှာ မြစ်ကြီးနားလေတပ်၊ ဟုမ္မလင်းလေတပ်၊ မိတ္ထိလာလေတပ်၊ နမ့်စန်လေတပ်၊ မကွေးလေတပ်၊ ဧလာလေတပ်၊ တောင်ငူလေတပ်၊ မှော်ဘီလေတပ်၊ မင်္ဂလာဒုံလေတပ်၊ ပုသိမ်လေတပ်နှင့် မြိတ်လေတပ်ဌာနချုပ်စခန်းများဖြစ်သည်။ 

အဆိုပါလေတပ်ဌာနချုပ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ လက်နက်ကြီးဖြင့်သာ ပစ်ခတ်ခြိမ်းခြောက်နိုင်သည့် အခြေအနေသာရှိသည်။ 

နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအင်စတီကျု့(IISS)က ၂၀၂၄ ဖေဖော်ဝါရီတွင် ထုတ်ဝေသည့် The Military Balance 2024 စာအုပ်၌ စစ်ကောင်စီလေတပ်တွင် လေယာဉ်စုစုပေါင်း (၃၄၈)စင်းရှိသည်ဟု ဆိုသည်။ 

စစ်ကောင်စီလေတပ်တွင် တိုက်ခိုက်ရေးလေယာဉ် (၁၂၅)စင်း၊ သယ်ယူပို့်ဆောင်ရေးလေယာဉ် (၄၃)စင်း၊ ဟယ်လီကော်ပတာ အစင်းရေ(၁၀၀)ကျော်၊ လေ့ကျင့်ရေးလေယာဉ် အစင်း(၁၄၀)ရှိကြောင်း သိရသည်။ 

နိုင်ငံတစ်ဝန်းတွင် စစ်ရှုံးနေသော အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားပြီးသော မြို့များကို ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။ 

စက်တင်ဘာလ(၆)ရက်နေ့ တစ်ရက်တည်းတွင် ရှမ်းမြောက် နမ့်ခမ်း၊ နောင်ချို၊ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံ၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ရခိုင်ပြည်နယ် သံတွဲမြို့တို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ရာ ကလေးများအပါအဝင် အရပ်သား(၂၇)ဦးအထိ သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြသည်။ 

ယမန်နေ့ စက်တင်ဘာ(၈)ရက်နေ့ကလည်း လားရှိုး၊ မြင်းခြံ၊ နွားထိုးကြီးမြို့တို့ကို စစ်ကောင်စီလေတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်သည်။ 

စစ်ကောင်စီ၏ လူနေရပ်ကွက်၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးများပါမချန် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ဗုံးခိုကျင်းတူး ထားကြရန်လည်း တော်လှန်ရေးအဖွဲ့အစည်းများက အသိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency