အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရသည့် Mr.Maris Sangiampongsa ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရသည့် Mr.Maris Sangiampongsa ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရတဲ့ Mr. Maris Sangiampongsa ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တင်ဘာလ (၄) ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါ သဝဏ်လွှာတွင် မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွင် ထိုင်းနိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများအား အထူးကျေးဇူးတင်ပြီး မြန်မာ့အရေး ဆက်လက်ကူညီပေးရန် Mr. Maris Sangiampongsa ကိုတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား မဟာမိတ်များအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွက် အရေးကြီးသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးတွင် ပူးပေါင်းပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း နှစ်နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စများဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများ ၊ နယ်စပ်လုံခြုံရေး ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရေးနှင့် ငြိမ်းချမ်းရေး ၊ တည်ငြိမ်အေးချမ်းရေး ကိစ္စများတွင် ထိုင်းနိုင်ငံနှင့် အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Mr. Maris Sangiampongsa ၏ သံတမန်ဆိုင်ရာနှင့် နိုင်ငံတကာ ဆက်ဆံရေးကိစ္စများ၌ ကျွမ်းကျင်မှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး၏ သဝဏ်လွှာအရ သိရှိရသည်။

#TachileikNewsAgency