စစ်ကောင်စီသိမ်းဆည်းထားသော မြန်မာသူရကုမ္ပဏီ၌ တပ်စွဲထားသည့်တပ်ဖွဲ့များ ပစ်ခတ်ခံရပြီး တစ်ဦးသေ တော်လှန်ရေးတပ်က လက်နက်တစ်လက်သိမ်းဆည်းရရှိ

စစ်ကောင်စီသိမ်းဆည်းထားသော မြန်မာသူရကုမ္ပဏီ၌ တပ်စွဲထားသည့်တပ်ဖွဲ့များ ပစ်ခတ်ခံရပြီး တစ်ဦးသေ တော်လှန်ရေးတပ်က လက်နက်တစ်လက်သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့အနီး နမ္မဖြစ်ကျေးရွာရှိ စစ်ကောင်စီက သိမ်းဆည်းထားသော မြန်မာသူရကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

မြန်မာသူရကုမ္ပဏီအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA ပူးပေါင်း KPDF တပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ညပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု ဆိုသည်။

"မြန်မာသူရကုမ္ပဏီထဲကို ဝင်စီးတာ။ စစ်ကောင်စီတပ်သားတစ်ဦးသေတယ်။ သေနတ်တစ်လက်ရတယ်။ ကျည်ကာတစ်ခုရတယ်။ ပစ်ပြီးတော့ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ (၃)လုံးပစ်ကူတယ်။ ကျွန်တော်တို့လည်း ည(၁၁)ကျော်မှာ ပြန်ဆုတ်လာခဲ့တာ။ အဲဒီကုမ္ပဏီထဲမှာ စစ်ကောင်စီတပ်က တပ်ခွဲတစ်ခုစာလောက် တပ်စွဲထားတာ။ အခုလုံခြုံရေးတိုးထားတယ်။"ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ တိမ်းရှောင်ခဲ့ရပြီး နေအိမ်တချို့အနီး ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"ကုမ္ပဏီထဲမှာ ဝင်ပုန်းနေတဲ့စစ်ကောင်စီတပ်သားတွေကို ဝင်ပစ်တာ။ ဆိုင်းတောင်စစ်တပ်ကုန်းကလည်း လန့်ပြီးရမ်းပစ်တတ်လို့ ကုန်းပေါ်ကနေ မနေ့ညကြီး ကားနဲ့ဆင်းပြေးခဲ့ရတာ။ ဗျူဟာက တောက်လျှောက်ပစ်ကူနေတာ မနေ့ညက အဲဒီဘက် ဖြစ်တဲ့ဖက်ကို။ အသံတွေ အကျယ်ကြီး၊ သေနတ်လည်း ဘောက်နဲ့ကို ဆွဲတဲ့အသံ ဆူညံလို့။"ဟု ဖားကန့်ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

မြန်မာသူရကုမ္ပဏီကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးသည်ဟုဆိုကာ ပိုင်ရှင်ကိုကျော်သူရအား ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားကြောင်း ပြီးခဲ့သည့် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ (၁၇)ရက်က PDF တပ်ဖွဲ့များအား ငွေကြေးထောက်ပံ့ပေးသည်ဟုဆိုကာ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ်လုပ်ကိုင်နေသူ ကိုမွန်သူအောင်အား ဖမ်းဆီးခဲ့သည်။ 

ထို့နောက် သြဂုတ်(၁၇)ရက်တွင် ကိုကျော်သူရအား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိလမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့ နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer မစ္စတိုတစ်လက်၊ ၎င်းကျည်(၁၂)တောင့်၊ ကျည်အိမ်(၂)ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦး(၄)လုံး၊ မော်တော်ယာဉ်မျိုးစုံ(၅)စီး၊  ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦး(၃)လုံး၊ မော်တော်ယာဉ်မျိုးစုံ(၂)စီး၊ မီးစက်(၂)လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန်(၈၀)ခန့်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦး(၁)လုံးတို့ကို ချိတ်ပိတ်သိမ်းဆည်းသွားခဲ့သည်။

ထို့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက်အဦး(၂)လုံး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦး(၁)လုံး၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်းမှ အဆောက်အဦမျိုးစုံ(၁၈)လုံး၊ ကျောက်စိမ်း ဖြတ်သားနှင့် အရိုင်းတုံးမျိုးစုံ(၁၉၃)တန်၊ မီးခံသေတ္တာ(၂)လုံး၊ MITSUBISHI အမျိုးအစား ပစ္စည်းတင် မော်တော်ယာဉ်(၁)စီးတို့ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားခဲ့သည်။

#TachileikNewsAgency

Photo : စကစတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်များအား ထိမှန်ခဲ့ပုံ