ဟုမ္မလင်းမြို့နယ်အတွင်း စစ်ကောင်စီထိုးစစ်ဆင် တပ်စွဲထားသည့် လောင်းမင်းရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ကောင်စီထိုးစစ်ဆင် တပ်စွဲထားသည့် လောင်းမင်းရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ စစ်ကောင်စီ ရေကြောင်းမှ ထိုးစစ်ဆင်တပ်စွဲထားသည့် လောင်းမင်းရွာအား တော်လှန်ရေးတပ်ပေါင်းစုမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ကြောင်း အမှတ် (၁) စစ်ဒေသမှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသည့် ခမရ-၃၀၉ ၊ SNA ၊ ပျူစောထီး အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့သည် ဖလက်ခွံ (၁)စီးနှင့် စစ်သင်္ဘော (၂)စီးဖြင့် ဩဂုတ်လ (၂၁)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ လောင်းမင်းရွာဆိပ်ကမ်းသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၄)ရက်‌နေ့တွင် လောင်းမင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ ခမရ-၃၀၉၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား (၁၀၀) ကျော်နှင့် တီလောင်ရွာမှ သင်္ဘောဖြင့် ထပ်မံ အင်အားဖြည့် ရောက်ရှိလာသော ကသည်းတပ်ဖွဲ့ အင်အား (၇၀) ခန့်အား တော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ကာ လောင်းမင်းရွာအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ ခမရ-၃၀၉ မှ ဗက ပြည့်ဖြိုးအောင်နှင့် ဗက စိုးရန်ပိုင် တို့သည် တီလောင်ရွာတွင် အခြေပြုနေကာ ဦးစီး ညွှန်ကြားခဲ့ပြီး တိုက်ပွဲဖြစ်ရာနေရာသို့ Mi-2 ဖြင့် (၂) ကြိမ် ဗုံးအလုံး (၃၀) ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရုပ်အလောင်း (၁၀)လောင်းရရှိပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရ၍ SNA (၅)ဦး ဖမ်းဆီးရမိကာ လက်နက်ငယ် (၁၀)လက်၊ ကျည်မျိုးစုံ (၁၁၈၄)တောင့်၊ ဗုံးသီး (၆)လုံး၊ ကျည်အိမ် (၂၁)ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် (၂) ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့ကာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ခန္တီးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း (၂၊ ၈) နှင့် မော်လိုက်ခရိုင် တပ်ရင်း-၃ နှင့် တိုက်နယ်လေး ပကဖ ပူးပေါင်းအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၂)ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာသို့ စစ်ကောင်စီ (တပ်စိစစ်ဆဲ)၊ SNA နှင့် ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား (၅၀)ခန့် ထိုးစစ်ဆင်လာသဖြင့် ခန္တီးခရိုင် တပ်ရင်း (၁၊ ၃)၊အထူးလှုပ်ရှား တပ်ရင်း (၈၊ ၉) ပူးပေါင်းအဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အမှတ်-၁ စစ်ဒေသ