ပဲခူးရိုးမပေါ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ဆယ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးရိုးမပေါ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ဆယ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား (၁၀) ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) ထံမှ သိရသည်။

လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် အင်အား (၁၀၀) ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှု (၃)နာရီခန့် ကြာမြင့်ခဲ့ကာ တော်လှန်ရေးအင်အားစုများပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် စစ်ကောင်စီစစ်ကြောင်းမှူး စစ်ဗိုလ်ရှိနေသည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းစစ်ဗိုလ်အပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်လန်၍ ထွက်ပြေးကြပြီး တော်လှန်ရေးအင်အားစုများမှ လိုက်လံတိုက်ခိုက်စဉ် စစ်သား (၁၀)ဦး လက်နက်ချအညံ့ခံသဖြင့် အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၀)ကျော် သေဆုံးပြီး  (၁၀) ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) က ဆိုသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊ MA-3 (၂)လက်၊ MA-12 (၁)လက်၊ MA-2 (MK-11) (၁)လက်၊ ပစ္စတို MA-5 (၁)လက်၊ G-3 ကျည် (၁၉၆၃)တောင့်၊ MA ကျည် (၁၇၈)တောင့်၊ 9mm ကျည် (၂၀၀)တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅)ခု၊ ငွေသား (၂၅)သိန်းကျော်နှင့် ဖုန်း (၈)လုံးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့ တို့နှင့်အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ မှ ရဲဘော်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ လုံးဝမပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) က အသိပေးထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂