မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ် (၂)ဦး သေဆုံးသည်ဟု မန္တလေး PDF ထံမှ သိရသည်။
မတ္တရာမြို့နယ် လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့် ကိုရင်တစ်ပါးနှင့် အမျိုးသမီးငယ် (၂)ဦး သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူများကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖော်ပြသည်။
#TachileikNewsAgency
Photo: မန္တလေး PDF