ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံ ၂ ဦးဒဏ်ရာရပြီး ဒေသခံများလည်း တိမ်းရှောင်

ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံ ၂ ဦးဒဏ်ရာရပြီး ဒေသခံများလည်း တိမ်းရှောင်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် မြို့အနောက်ဘက်ခြမ်းရှိ နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှပစ်ခတ်ခြင်းကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရပြီး နေအိမ်(၅)လုံးကျော်ပျက်စီးသွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရပြီး နေအိမ်(၅)လုံးကျော်ပျက်စီးကာ စာသင်ကျောင်းနှင့် အုတ်တံတိုင်းတစ်ခုလည်း ပျက်စီးသွားကြောင်း သိရသည်။ 

ဒီပဲယင်းမြို့အခြေအနေကြောင့် နဂါးတွင်းကျေးရွာတွင် ဒေသခံများ စစ်ဘေးရှောင်ရန်ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများမနေရဲတော့သဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် စီစဉ်ပေးနေသည်ဟု သိရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို (၄)ရက်ကြာတိုက်ခိုက်ပြီးနောက် ဩဂုတ်လ(၁၈)ရက်နေ့တွင် မြို့ကိုသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား(၁၈)ဦးသေပြီး ပျူစောထီး(၂)ဦးလက်နက်ချကာ Non-CDM ဝန်ထမ်း(၄၀)ဦး၊ အချုပ်သား(၂၀)ဦး၊ ပြည်သူ (၇၂)ဦးတို့ကို ကယ်တင်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဥ်များဖြင့် စစ်ကူလူအင်အားထပ်ဖြည့်ခြင်း၊ လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းတို့ကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့