နှစ်ဘက်အင်အားဖြည့်ကာ တိုက်ခိုက်နေသည့် တောင်ခမ်းရွာတိုက်ပွဲ ပြင်းထန်နေ 

နှစ်ဘက်အင်အားဖြည့်ကာ တိုက်ခိုက်နေသည့် တောင်ခမ်းရွာတိုက်ပွဲ ပြင်းထန်နေ 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ အခြေစိုက်စစ်ကောင်စီတပ်များ၌ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)ကို TNLA က တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားဖြည့်တင်းနေကာ TNLA ဘက်ကလည်း အင်အားဖြည့်တင်း၍ သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေသည်ဟု ဆိုသည်။

“တောင်းခမ်းဘက်က မနက်အစောကတည်းက ပြန်ကြမ်းနေတယ်။ ညက TNLA ဘက်ကလည်း အင်အားဖြည့်သွားတယ်။ စစ်ကောင်စီဘက်ကလည်း ကျောက်ဂူဘက်ကနေ အင်အားဖြည့်တယ်။ လက်နက်ကြီးသံတွေကတော့ တအုန်းအုန်းနဲ့ပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်၏ ပြင်ဦးလွင်ဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် ပင်ပိန်ရွာ၊ တောင်ရှည်ရွာများဘက်သို့ကျကာ တောင်ရှည်ရွာဈေးအနီးရှိ ဦးမျိုးဝင်းဈေးဆိုင်၊ ဦးအေးကိုနေအိမ်၊ ဦးမြင့်ဌေးနေအိမ်တို့ ပျက်စီးသွားကြောင်း သိရသည်။ 

“တောင်းခမ်းအနီးကရွာတွေကတော့ ရှောင်နေရတာပေါ့။ လူအထိအခိုက်တွေတော့ ဒီရက်ပိုင်းကြားရတာတော့ မရှိသေးဘူး။ လက်နက်ကြီးအသံတွေကတော့ ဆက်တိုက်ကြားနေရတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂)တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆) တပ်စခန်းတို့တွင် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က Y-12၊ ဂျက်ဖိုက်တာ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

“မကြာမီ အဖြေသိရမယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းအသုံးပြုတာများတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ဇူလိုင်လကုန်ပိုင်းကတည်းကစတင် တိုက်ခိုက်နေခြင်းဖြစ်သည်။

TNLA သည် ၁၀၂၇စစ်ဆင်ရေး (ဒုတိယပိုင်း)ကို ဇွန်လ(၂၅)ရက်တွင်စတင်ခဲ့ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကို အပြီးသတ်သိမ်းပိုက်ထားသည်။

#TachileikNewsAgency