မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးကို ထပ်တိုးအမှုဖြင့်တရားစွဲ

မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးကို ထပ်တိုးအမှုဖြင့်တရားစွဲ

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြမှုကို တုံ့ပြန်ဖြေရှင်းမပေးသည့်အတွက် ကြွေးကြော်ဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၁၇)ဦးကို စစ်ကောင်စီက ထပ်မံတရားစွဲ၍ အမှုစစ်ဆေးခြင်းကို အမြန်လုပ်ဆောင်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အစာငတ်ခံဆန္ဒပြမှုကို စနစ်တကျ တုံ့ပြန်ဖြေရှင်းမပေးသည့်အတွက် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသား (၁၇)ဦးအား တရားစွဲဆိုသည့်အမှုတွင် ရှေ့နေငှားရမ်းချေပရန်အချိန်မပေးဘဲ အမှုစစ်ဆေးမှုများကို အလျင်အမြန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ ကိုစန်းမြင့်လွင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ရာဇသတ်ကြီးပုဒ်မ - ၁၄၇ (လူစုလူဝေးဖြင့်ဆူပူမှု)အရ တရားစွဲဆိုမှုအား ၂၀၂၄ခုနစ်၊ ဩဂုတ်လ (၁၉)ရက်နေ့က အမှုစတင်စစ်ဆေးခဲ့ရာ တရားစွဲဆိုခံရသူများအား ရှေ့နေငှားရမ်းချေပရန် အချိန်မပေးဘဲ အမှုစစ်ဆေးမှုကို အလောသုံးဆယ် ဆောင်ရွက်နေသည်ဟု သိရသည်။ 

“ကြားရသလောက်တော့ တရားစွဲဆိုခံရတဲ့ နိုင်ကျဉ်းတွေက ရှေ့နေငှားမယ်၊ အမှုတွဲမိတ္တူကူးဦးမယ် စသည်ဖြင့် ပြောပါလျက်နဲ့ မုံရွာမြို့နယ်တရားသူကြီး ဦးထက်အောင်ဇော်က ဇွတ်စစ်တာလို့ပြောတယ်။ အခု ကြားရသလောက် နိုင်ငံရေးအကျဉ်းသားတွေက အမှုတွဲတွေ၊ တိုင်ချက်တွေလည်း မဖတ်ရ၊ ရှေ့နေအကူအညီလည်း ဘာမှမရဘဲ အမှုကိုရင်ဆိုင်နေကြရတာပေါ့။”ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးကပြောကြောင်း ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့က မုံရွာထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ စာအုပ်စာတမ်း၊ အစားအသောက်နှင့် ကိုယ်ပိုင်အသုံးအဆောင်များကို အဖွဲ့ပေါင်းစုံပါဝင်သည့် ရှာဖွေရေးအဖွဲ့က သိမ်းဆည်းသွားခဲ့ပြီးနောက် သိမ်းဆည်းသွားသည့်ပစ္စည်းများကို ပြန်ပေးရန် နိုင်ငံရေးအကျဉ်းသား(၁၅)ဦးက တောင်းဆိုရာက စတင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency