စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် မဲအိုးရွာမှ ဒေသခံများအနက် (၅)ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရပြီး (၁၀)ဦး ပျောက်ဆုံးနေ

စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် မဲအိုးရွာမှ ဒေသခံများအနက် (၅)ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရပြီး (၁၀)ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာတွင် စစ်ကောင်စီတပ်၏ အဖမ်းဆီးခြင်းကို ခံထားရသည့် အရပ်သားအနက် ဒေသခံ(၅)ဦးသတ်ခံရပြီး (၁၀)ဦး ပျောက်ဆုံးနေကြောင်း ‌ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် မဲအိုးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သား(၅၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ (၁၅)ဦးကို လက်ယက်ကုန်းရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်က   မဲအိုးရွာမှ ဒေသခံများအနက် (၅)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခံထားပုံ

အဆိုပါစစ်ကောင်စီတပ်သည် မဲအိုးရွာမှ အရပ်သားများ၏ တန်ဖိုးရှိပစ္စည်းများကို မွှေနှောက်ယူဆောင်သွားပြီးနောက် ဖမ်းဆီးထားသည့် ဒေသခံ(၁၅)ဦးနှင့်အတူ လက်ယက်ကုန်းရွာသို့ရောက်စဉ် ဒေသခံ(၅)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်။

"(၁၈)ရက်နေ့က ဒီပဲယင်းမြို့ကထွက်လာ‌တဲ့ အကြမ်းဖက်စစ်ကြောင်းက မနက်အစောပိုင်းမှာပဲ မဲအိုးရွာကို ဝင်တယ်။ (၁၉) ရက်နေ့မှာ စစ်ကြောင်းထွက်ပြီး နယ်မြေရှင်းလင်းတာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနဲ့ ရက်ရက် စက်စက် သတ်ဖြတ်ခံထားရ‌တဲ့ ပြည်သူအလောင်းတွေကိုတွေ့တာ။ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းထဲမှာ ဒီပဲယင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်နှင်းဌေး ပါဝင်တာကို အတည်ပြုတယ်။"ဟု ဒေသကာကွယ်ရေးတပ်ဖြစ်သည့် Phoenix Defence Force မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

သတ်ဖြတ်ခံရသူ (၅)ဦးမှာ မခင်နှင်းဌေး၊ ကိုဇော်ဝင်း၊ ကိုထွန်း၊ ကိုအောင်မြင့်ကျော်(ခ)ကိုကုလား၊ ကိုဇင်မင်းညွန့် (ခ) တာပု တို့ ဖြစ်သည်ဟု သိရသည်။

ပျောက်ဆုံးနေသူ (၁၀)ဦးမှာ မဝေခင်၊ အောင်မျိုး၊ မခင်ဆန်းလွင်၊ ဇွဲထက်နိုင်၊ စိုးထွန်း၊ လင်းထင်၊ မလေးတင်၊ စိုးမင်းပိုင်၊ ရဲလင်းနိုင်၊ ဒေါ်တင် တို့ဖြစ်ကြောင်း သိရသည်။