မြိုင်မြို့နယ်အနောက်ပိုင်း ကျေးရွာများရှိ နေအိမ်များကို မီးရှို့နေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး စစ်သည်တော်များ တိုက်ပွဲဖြစ်ပွား

Photo: ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
Photo: ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
မြိုင်မြို့နယ်အနောက်ပိုင်း ကျေးရွာများရှိ နေအိမ်များကို မီးရှို့နေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး စစ်သည်တော်များ တိုက်ပွဲဖြစ်ပွား
သြဂုတ် 31, 2022 | အခြားဒေသများ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသည့် အပြင် ဒေသခံ ပြည်သူများကိုလည်း သတ်ဖြတ်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ဩဂုတ်လ (၃၀)ရက်နေ့က ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

၎င်းစစ်ကောင်စီတပ်ကို ဂျုတ်ကုန်းကျေးရွာသို့ အရောက်တွင် ဒေသကာကွယ်ရေးတပ်‌ (၁၄)ဖွဲ့ နှင့် အထက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။

တိုက်ပွဲသည် နာရီဝက်ခန့်ကာခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်၊ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်အနောက်ပိုင်းတွင် စစ်ကြောင်းထိုးနေသဖြင့် မြိုင်မြို့နယ်အနောက်ပိုင်းရှိ မိဘပြည်သူများ စစ်ကြောင်းသတင်းများကို အမြဲနားစွင့်ကာ စစ်ကြောင်းနှင့်လွတ်ရာသို့ ရှောင်နေကြရန် အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ Myaing Villages Revolution Front (MVRF)၊ Justice Revolution Team(JRT)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေအထူးပြောက်ကျား တပ်ဖွဲ့၊ ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၊ Urban Underground Revolution Force (UURF) ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းနက် နှင့် အခြားမဟာမိတ်တပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။