မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခမရ(၄၃၇)တပ်စခန်းကို KIA သိမ်း

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခမရ(၄၃၇)တပ်စခန်းကို KIA သိမ်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခမရ(၄၃၇)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA)က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါစခန်းတွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုမှူးဦးစီးပြီး တပ်ရင်း(၁၁)ရင်းနှင့် ပူးပေါင်းအင်အား(၅၀၀)အထိုင်ချထားသည့် ခံစစ်စခန်းကြီးဖြစ်ကာ KIA က ဇူလိုင်လနောက်ဆုံးပတ်ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“စခန်းကိုတော့ သိမ်းပြီးပြီ။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အခု လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ခမရ(၄၃၇)တပ်စခန်းအား KIAက ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က ယမန်နေ့တွင် တိုက်လေယာဉ်ဖြင့် (၈)ကြိမ်ဗုံးကြဲခဲ့ပြီး ယနေ့တွင်လည်း ဗန်းမော်မှလာသည့် ခဲယမ်းတင်ကား(၇)စီးနှင့် တင့်ကာတစ်စီးတို့ကိုလည်း KIAက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းရေဘေးကြောင့် တစ်လဝန်းကျင်ကြာ တိုက်ပွဲငြိမ်သက်နေခဲ့ရာက မိုးမောက် ခမရ (၄၃၇)တပ်ရင်းကို ဇူလိုင်လ(၂၄)ရက်နေ့တွင် KIAက ပြန်လည်ထိုးစစ်စတင်ခဲ့ရာ အာရက္ခတပ်တော်(AA)၊ KPDF တပ်များလည်း ပါဝင်ကြောင်း သိရသည်။

ခမရ(၄၃၇)တပ်သည် ဗန်းမော်မြို့နှင့် (၇)မိုင်ဝန်းကျင်ဝေးပြီး ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည် တပ်စခန်းကြီးလည်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

#TachileikNewsAgency