အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာစစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် တိုက်တွန်းမည်ဟု သိရသည်။
မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီခေါင်းဆောင်နှင့် ဘန်ကောက်တွင် ၂၀၂၅ခုနှစ် ဧပြီလ (၁၇)ရက်နေ့၌ တွေ့ဆုံမည်ဟု CNA က ဧပြီလ(၁၄)ရက်နေ့တွင် သတင်းဖေါ်ပြသည်။
မလေးရှားက လက်ရှိတွင် မြန်မာ့ငလျင်ဘေးကယ်ဆယ်ရေးအတွက် ယာယီဆေးရုံတည်ဆောက်ခြင်း အပါအဝင် လူသားချင်းစာနာမှုအကူအညီများပေးနေခြင်းကို မြန်မာစစ်ကောင်စီအနေဖြင့် အပစ်ရပ် သက်တမ်းတိုးမှသာလျှင် အကူအညီများ ဆက်ပေးမည်ဟု မလေးရှားဝန်ကြီးချုပ်က ဆိုသည်။
မလေးရှားဝန်ကြီးချုပ်က ထိုင်း - မလေးရှားနယ်စပ် ရေကြီးသည့် ကိစ္စဖြေရှင်းရေးနှင့် အာဆီယံဥက္ကဌ အနေဖြင့် မြန်မာအား လူသားချင်းစာနာမှုကဏ္ဍဆွေးနွေးရန်အတွက် ဘန်ကောက်သို့ သွားရောက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ (၁၃)ရက်နေ့ ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ခွင့် မပေးတော့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အား အာဆီယံအဖွဲ့က ခေါ်ယူတွေ့ဆုံကာ သဘောတူဆုံးဖြတ်ခဲ့ကြသည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက် နှင့် ပတ်သက်ပြီး မြန်မာအာဏာသိမ်း အဖွဲ့အနေဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိသဖြင့် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်ကိုသာ စေလွှတ်ရန် အာဆီယံက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။