မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့်ပျူစောထီးအဖွဲ့ တစ်နေ့တည်း (၅)ကြိမ် တိုက်ခိုက်ခံရ

Photo: Myaing Garuda People's Defense Force
Photo: Myaing Garuda People's Defense Force
မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့်ပျူစောထီးအဖွဲ့ တစ်နေ့တည်း (၅)ကြိမ် တိုက်ခိုက်ခံရ

 မကွေးတိုင်း မြိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စု၏ ယာဉ်တန်း တစ်နေ့တည်း ( ၅ )ကြိမ် တိုက်ခိုက်ခံရပြီး စစ်အုပ်စုတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Myaing Garuda People's Defense Force က သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ခုနှစ် မတ်လ ( ၂ )ရက်နေ့၏ နံနက်(၇)နာရီဝန်းကျင်အချိန်က ကင်းပုန်း ထွက်လာသည့်   ပျူစောထီးအဖွဲ့အား တွင်းမရွာထိပ်တွင် ဒရုန်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုဘက်က (၃)ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ပခုက္ကူဆေးရုံသို့ ချက်ချင်းပို့လိုက်ရသည်ဟု ဆိုသည်။

နံနက်(၉)နာရီခွဲ ဝန်းကျင်အချိန်က  စက်မှု ( ၂ )မှ ဆင်းလာသော စစ်အုပ်စု၏ ကား ( ၅ )စီးပါ ယာဉ်တန်းအား စက်မှု ( ၂ )နှင့် ကိုင်းတောမကြားတွင်း လခြမ်းမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ FAWကားတစီးပေါ်မှ စစ်အုပ်စု၏ တပ်သားများ ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး နံနက် ( ၁၀ )နာရီ ( ၁၅ )မိနစ်အချိန်ကလည်း စက်မှု ( ၂ )မှ ဆင်းလာသော ထိုယာဉ်တန်းကို သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် ရှော့တိုက်ဒုံး ( ၅ )လုံးဖြင့်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ FAW ကား တစီးပေါ်မှ စစ်အုပ်စုတပ်သား ( ၁၀ )ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

 

မိုင်းဆွဲခံရသော ကားတန်းမှာ တွင်းမပျူစခန်းရှေ့တွင် အချိန်အကြာကြီး ရပ်တန့်နေပြီး ဆက်လက်ထွက်ခွာလာရာ (၁၁)နာရီဝန်းကျင်တွင်  တွင်းမပျူစခန်းနှင့်ကမ္မရဲစခန်းကြား၌ ရှော့တိုက်ဒုံး ( ၃ )လုံး ၊ လခြမ်းမိုင်း ( ၃ )လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်ရာ အထိနာသွား၍  လမ်းဘေးနေအိမ်များကို အဆင်အခြင်မဲ့ ပစ်ခတ်သွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ) ၏ တပ်ရင်း ( ၁ ) ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂)ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့နျင့် MRDFတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ( ၂၂)ရက်နေ့ကလည်း မကွေးတိုင်းပေါက်မြို့နယ် ကုက္ကိုလ်စုပျူရွာအား မဟာမိတ်ညီနောင်များ စုပေါင်းပြီး လနကြီး၊ လနငယ် များဖြင့် ပစ်ခတ်၍ စီးနင်းခဲ့ရာ စစ်အုပ်စု၏တပ်သာ(၆)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။