ပင်လည်ဘူးမြို့တွင် စစ်ရဟတ်ယာဥ်တစ်စီး ဒရုန်းဗုံးသီးချ တိုက်ခိုက်ခံရကာ ပျက်စီး

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့၌ စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်ယာဥ်ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဩဂုတ်လ (၆)ရက်နေ့က စစ်ကောင်စီတပ်သည် Mi-17 ထောက်ပို့ရဟတ်ယာဥ်ဖြင့် မြေပြင်၌ပစ္စည်းချခြင်းနှင့် ထိခိုက်ဒဏ်ရာရ တပ်သားများကို တင်ဆောင်နေစဥ် အမှတ် (၁)စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဥ်၏ အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါးပေါက်အနီးသို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ

တပ်မှ အရာရှိအပါအဝင် (၇)ဦး နေရာတွင် သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် ရဟတ်ယာဥ်မှူးတစ်ဦးအပါအဝင် (၁၇)ဦး အပြင်းအထန်ဒဏ်ရာရပြီး အခြားထိခိုက်ဒဏ်ရာရသူလည်းရှိကာ Mi-17 ထောက်ပို့ရဟတ်ယာဥ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

ထိခိုက်ပျက်စီးသွားသော Mi-17 ထောက်ပို့ရဟတ်ယာဉ်မှ ပြုတ်ကျကျန်ရစ်သော အရေးပေါ် တံခါးပေါက်ကိုလည်း သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video: Ministry of Defence - National Unity Government of Myanmar