စစ်ကောင်စီ စက်လှေတိမ်းမှောက်မှုသည် ရက်စက်ယုတ်မာသူများအတွက် ကံကံ၏အကျိုးဖြစ်သော်လည်း ကလေးသူငယ်နှင့်အမျိုးသမီးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း AA စစ်ဦးချုပ်ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ရေကြောင်းမှဆုတ်ခွာလာသည့် နယ်ခြားစောင့်ရဲများ စက်လှေတိမ်းမှောက်မှုကို ရက်စက်ယုတ်မာသူများအတွက် ကံကံ၏အကျိုးဖြစ်သော်လည်း ကလေးသူငယ်နှင့် အမျိုးသမီးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ Twitter (X) လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် ရေးသားမျှဝေခဲ့သည်။

မောင်တောမြို့နယ် အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၄) နှင့် အမှတ် (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခခ - ၉) တို့မှ ဆုတ်ခွာလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ သယ်ဆောင်လာသည့် စက်လှေကို စစ်တပ်မှ ကယ်ဆယ်ရေးအဖြစ်စေလွှတ်ခဲ့သည့် ကမ်းထိုးသင်္ဘောမှ ပြန်လည်ပစ်ခတ်ခြင်းကြောင့် လှည့်အပြန်တွင် လှိုင်းကြီးသဖြင့် စက်လှေတိမ်းမှောက်ကာ အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၂)ဦးတို့ ပျောက်ဆုံးခဲ့ကြောင်း အဆိုပါစက်လှေပေါ်တွင် လိုက်ပါလာသည့် နယ်ခြားစောင့်ရဲတစ်ဦး ရိုက်ကူးခဲ့သည့် ရုပ်သံမှတ်တမ်းအရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း နခခ-၄ နှင့် နခခ-၉ မှ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကမ်းထိုးသင်္ဘောနှင့် ကယ်ဆယ်မည်ဖြစ်ကြောင်း မောရဝတီဗျူဟာမှ ချိတ်ဆက်ဆောင်ရွက်ပေးသဖြင့် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ အရာရှိများမှ ဦးစွာစက်လှေဖြင့် ကမ်းထိုးသင်္ဘောပေါ် ဆုတ်ခွာခဲ့ပြီး၊ နောက်တစ်သုတ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ ဆုတ်ခွာချိန်တွင် ကမ်းထိုးသင်္ဘောပေါ်ရောက်ရှိနေသည့် အရာရှိများမှ သင်္ဘောပေါ်အတက်မခံတော့ဘဲ ပြန်လည်ပစ်ခတ်မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လက်ရှိ ကျန်ရှိတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာတဲ့အချိန်မှာဗျာ၊ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ကဲ့ပေးမယ်လို့ မောရဝတီဗျူဟာကချိတ်ပေးလို့ တပ်ဖွဲ့ဝင်တွေအကုန်လုံး တပ်မမှူးအမိန့်လည်းရပြီ၊ ကွပ်ကဲရေးမှူးအမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့။ ပြီးတော့ သူတို့အရင် စက်လှေတစ်စီးနဲ့ အဲ့ကမ်းထိုးစီကို အရင်သွားတယ်ဗျာ။ သူတို့ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ချန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ ၊ ဒဏ်ရာရထားတဲ့လူတွေသွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ပစ်လွှတ်တယ်တဲ့ဗျာ” ဟု နယ်ခြားစောင့်ရဲတစ်ဦးမှ ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။

အဆိုပါ ရုပ်သံနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်

"တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ သူတို့အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓာတ်ပျောက်ဆုံးမှုတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်"ဟု ပြန်လည်မျှဝေထားသည်။

အဆိုပါ ရုပ်သံနှင့်ပက်သက်ပြီး စစ်ကောင်စီလော်ဘီများမှလည်း ယခင် ၎င်းတို့ လုပ်ဆောင်နေကြအတိုင်း ရုပ်သံသည် အတုဖြစ်ကြောင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်ခြင်းဖြစ်ကြောင်း ငြင်းဆန်ခြင်းမရှိပေ။

“ရန်သူနှင့်စစ်ခင်းနေရချိန်တွင် နခခ၄/၉တပ်ဆုတ်အချို့၏ စက်လှေမှောက်ရုပ်သံကိုရိုက်ကူးပြီး Social networkတွင် ချပြခြင်းသည် ရန်သူအတွက် စိတ်အားတက်စရာဖြစ်ပြီး၊ စစ်သည်တွေအတွက် စိတ်ဓာတ်ရေးရာကျစရာဖြစ်ကြောင်းနှင့် အဆိုပါရုပ်သံကို စစ်တိုင်းမှူးခွင့်ပြုချက်နှင့် တင်ခဲ့သလား ဒါမှမဟုတ် အထက်ခွင့်ပြုချက်မရဘဲ စစ်သည်အချို့က ဖြန့်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးပြီး အရေးယူရမည်ဖြစ်ကြောင်း”ဟု စစ်ကောင်စီလော်ဘီချန်နယ်တစ်ခုတွင် ပြန်လည်မျှဝေထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများကို ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ (၁၀) ခုအနက် (၇)ကို AA မှ သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် နခခ-(၂) ၄ မိုင် ၊ နခခ (၄) မောရဝတီ နှင့် နခခ (၅) မြို့သူကြီးတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

#TachileikNewsAgency