မြိုင်မြို့နယ် ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ လက်နက်ခဲယမ်းများရရှိ

မြိုင်မြို့နယ် ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ လက်နက်ခဲယမ်းများရရှိ

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဩဂုတ်လ (၈)ရက်နေ့က သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ 

မြိုင်ပကဖသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ မြိုင်မြို့နယ်အတွင်းရှိ ဝက်ပုတ်ပျူစောထီးစခန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၅)ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကာကင်းစခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ပြီး (၆)ရက်နေ့တွင် ကာကင်းစခန်း(၂)ခုကို ထပ်မံရရှိခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား လက်နက်ချအညံ့ခံရန် တောင်းဆိုခဲ့သော်လည်း အညံ့မခံသဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဩဂုတ်လ (၈)ရက်နေ့ မနက်ပိုင်းတွင် ဝက်ပုတ်ပျူစောထီးစခန်းအား အပြီးတိုင်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ရဲဘော် (၂)ဦး ကျဆုံးသည်ဟု သိရသည်။ 

စစ်‌ကောင်စီဘက်က အနည်းဆုံး(၁၀)ဦး သေဆုံးပြီး ဒဏ်ရာရသူများဖြင့် စက်မှု(၂)တပ်စခန်းသို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်းမှ ပျူစောထီးများ၏ MA4 (၁)လက် ၊ ကာဘိုင် (၁)လက်၊ G3 (၂)လက်၊ G4 (၁)လက်၊ M16 (၁)လက်၊ 12 ဗို့ (၂)လက်၊ 79 (၁)လက်၊ ၆၀ MM (၁)လက်၊ ဂျန်ပါစက် (၁)လုံးနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိသည်ဟု သိရသည်။

စခန်းသိမ်းပိုက်မှုကို မြိုင်ပကဖ၊ ပကဖတပ်ပေါင်းစု အမှတ်(၁)တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၂၊ ၆၊ ၇၊ ၁၀၊ ၁၄၊ ၁၅၊ ၁၇)၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်)၊ ပေါက်ပကဖ၊ ပေါက်မြောက်ပိုင်းတော်လှန် ရေးတပ်ဦး၊ BLY ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုများက အတူတကွ‎စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ေကာင်စီတပ်က လေကြောင်းပစ်ကူ (၁၂)ကြိမ်ပေးခဲ့ရာ စစ်ရှောင်နေသော ပေါက်မြို့နယ် ရွာသစ်စုကျေးရွာရှိ ဘုန်းကြီး ကျောင်းကို အကြောင်းမဲ့ ဗုံးကြဲသဖြင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ(၁၀)ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ 

မြိုင်ပကဖသည် မြိုင်မြို့နယ်နှင့် ပခုက္ကူခရိုင်တွင်းရှိ အညံ့မခံသေးသော စစ်ကောင်စီအထိုင်စခန်းများ၊ပျူစခန်းများကို ဆက်လက်ထိုးစစ်ဆင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မြိုင် ပကဖ