ကာချုပ်သက်တမ်း အကန့်အသတ်မရှိသည့် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဏာသိမ်းကာလ သက်ဆိုးရှည်ဖို့ ရည်မှန်း

ကာချုပ်သက်တမ်း အကန့်အသတ်မရှိသည့် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဏာသိမ်းကာလ သက်ဆိုးရှည်ဖို့ ရည်မှန်း
သြဂုတ် 1, 2024 | 2021 Military Coup| ဆောင်းပါး

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဟု အကြောင်းပြ ပြောဆိုကာ အာဏာသိမ်းကာလ သက်တမ်း (၆)လ နောက်ထပ် တိုးထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် မြို့ပေါင်း(၇၀)နီးပါးကို ဆုံးရှုံးထားရပြီးဖြစ်သလို  မြို့ပြကြီးများမှလွဲ၍ တခြား မြို့များတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲပြုလုပ်မည် ဆိုသည်မှာ  အာဏာသိမ်းမှုကို ဆွဲဆန့်ထားရန် ရည်ညွှန်းနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။ 

“ရွေးကောက်ပွဲကတော့ သူ့ရဲ့ထွက်ပေါက် မဟုတ်ဘူး။ သူက အာဏာကို တာရှည်ထိန်းထားဖို့အတွက် ရွေးကောက်ပွဲ လုပ်လို့ မရနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကို နင်တို့ကြောင့် ဆိုတဲ့ အကြောင်းပြချက်ပေါ့။ အဲဒီလိုပေးဖို့အတွက် ပြောနေခြင်းဖြစ်တယ်။ တကယ်တန်းတော့ ရွေးကောက်ပွဲဟာ ထွက်ပေါက် မဟုတ်ဘူးလို့ ပြောချင်တယ်။”ဟု  မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Tachileik News Agency ကို ဩဂုတ်လ (၁)ရက်နေ့တွင် ပြောသည်။

ရွေးကောက်ပွဲတစ်ခု လုပ်မည်ဆိုပါက တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့် လက်ရှိကာလမှာ စစ်ခေါင်းဆောင်ပြောသည့် ရွေးကောက်ပွဲသည် အပြောသာဖြစ်သလို ၎င်းသည် အာဏာသိမ်းမှုကို ကြိုးရှည်ရှည်နှင့် လံထားသည့်သဖွယ် အာဏာသက်တမ်းရှည်ရန် ဆွဲဆန့်နေခြင်းသာဖြစ်ပြီး တခြားထွက်ရပ်လမ်းများလည်း လျှောက်လှမ်းချင်ပုံ မရသည့်အပြင် တပ်မတော်အနေဖြင့် ကတိကဝတ်ဖြင့် နိုင်ငံရေးလောကမှ အပြီးပိုင် ထွက်ခွါမည်ဆိုသည့် ပြောဆိုမှုမျိုး  မတွေ့ရဟုလည်း ဆိုသည်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၎င်းအတွက် ထွက်ပေါက်မှာ ရွေးကောက်ပွဲပြုလုပ်မည်ဆိုသည်ကို ပြောဆိုရမည်မဟုတ်ဘဲ ပြည်သူကို တကယ် စေတနာအမှန်ထားပါက တပ်မတော်ကို နိုင်ငံရေးမှ အပြီးပိုင်ထွက်ခွါကြောင်း ကြေညာရမည့် ကာလဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“သူ့အနေနဲ့ တိုင်းပြည်ကို အေးချမ်းစေချင်တယ် ဆိုရင်တော့ တပ်မတော်က နိုင်ငံရေးလောကထဲက အပြီးအပိုင် ထွက်ပြီး  ကိုယ့်ဟာကိုယ် ဆွေးနွေးပွဲတခုလုပ်ပေးပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို  ရဖို့ပဲကြိုးစားသင့်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်ဘဲနဲ့ တပ်မတော်က အမြဲတမ်းအာဏာရယူထားမယ်ဆိုတဲ့ပုံစံမျိုး သွားလို့မရတော့ဘူးပေါ့။ သူ့အနေနဲ့ အဲဒီလိုလုပ်မှ ထွက်ပေါက်ဖြစ်မယ်။”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီသည် အာဏာသုံးရပ်ကို သိမ်းပိုက်ထိမ်းချုပ်ထားသော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်၊  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဖျက်သိမ်းခြင်း မရှိသေးသည်မှာ ၎င်းတို့အား ထောက်ခံသည့် ပါတီများကို အချိုသပ်ခြင်းသာဖြစ်သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်က ရွေးကောက်ပွဲ လုပ်ပေးချင်တာ မဟုတ်ဘူး။ သူတို့ကိုထောက်ခံနေတဲ့ ပါတီတွေကို အချိုသပ် နေတာ။ မဟုတ်ရင် သူ့ကိုထောက်ခံတဲ့ ပါတီတွေကိုလည်း အာဏာသိမ်းသလိုဖြစ်နေမှာပေါ့။ ပါတီတွေကလည်း အာဏာ လိုချင်လို့ ပါတီထောင်တာလေ။ ဒီတော့ ရွေးကောက်ပွဲ မလုပ်ပေးဘူးဆိုရင် မင်းအောင်လှိုင်က ပါတီတွေ ရဲ့ ရန်သူဖြစ်သွားမှာပေါ့။”ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ဇွန်(၂၀)ရက်နေ့အထိ စစ်ကောင်စီ၏ UEC ထံ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၆၇)ပါတီ ရှိသည့်အနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ(၁၂)ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် နိုင်ငံရေးပါတီပေါင်း (၅၅)ပါတီရှိသည်ဟု သိရသည်။ 

 ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပါက စစ်ခေါင်းဆောင်သည် ရောစပ်အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional - MMP) ဖြင့် ၎င်းကို ထောက်ခံပေးသော USDP နှင့် မဟာမိတ်ပါတီငယ်များဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့၍ သမ္မတသက်တမ်း နှစ် ကြိမ် (၁၀)နှစ် ရယူခြင်း၊ ရွေးကောက်ပွဲ ပြုလုပ်ပေးမည့်ရက်ကို သက်တမ်းတိုး အချိန်ဆွဲပြီး စစ်ကောင်စီအနေဖြင့်ပင် အာဏာ ဆက်သိမ်းခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။   

သို့သော်လည်း စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကိုင်းတိုင်းတွင် (၄)မြို့၊ ကချင်ပြည်နယ်တွင် (၅)မြို့၊ ရှမ်းပြည်နယ်တွင် (၂၃)မြို့၊ မန္တလေးတိုင်းတွင် (၂)မြို၊ ချင်းပြည်နယ်တွင် (၁၃)မြို့၊ ရခိုင်ပြည်နယ်တွင် (၁၃)မြို့၊ ကရင်ပြည်နယ်တွင် (၁)မြို့၊ ကယားပြည်နယ်တွင် (၅)မြို့  စသည့် မြို့ပေါင်း (၇၀)နီးပါးကို သိမ်းပိုက်ထားသလို တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေသည့်အတွက်  ပြည်သူများကလည်း ရွေးကောက်ပွဲကို စိတ်မဝင်စားသည့် အခြေနေတွင် ရှိနေပြီ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေးကိုသာ လိုလားနေကြခြင်း ဖြစ်သည်။  

စစ်ကောင်စီအနေဖြင့် အဆိုပါ ဒေသများ ဆုံးရှုံးနေရသော်လည်း  ရွေးကောက်ပွဲ ကျင်းပပေးရန်ဟု အကြောင်းပြကာ ၂၀၂၄ခုနှစ် ဇူလိုင်(၃၁)ရက်နေ့က ပြုလုပ်သော အရေးပေါ်ကာလ (၆)လသက်တမ်း ထပ်တိုးသည့် ကာလုံ အစည်းအဝေးတွင် ယာယီသမ္မတ ရယူထားသည့် စစ်ခေါင်းဆောင်က  တိုင်းနှင့် ပြည်နယ်များအလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် တည်ငြိမ်အေးချမ်းမှုရှိသည့် အနေအထားဖြစ်ပေါ်အောင် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လုံလောက်သည့် အချိန် ရယူဆောင်ရွက်ရန် သက်တမ်း (၆)လထပ်တိုးခြင်း ဖြစ်သလို ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုံခြုံရေး အခြေအနေအပေါ်မူတည်ပြီး ဦးစားပေးအဆင့်သတ်မှတ်ကာ နယ်မြေဒေသအလိုက် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။ 

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလက အရေးပေါ် သက်တမ်းကာလသည် (၂)နှစ်ထက် ပိုမကြာနိုင်ကြောင်း စစ်ကောင်စီက ပြောခဲ့သော်လည်း (၆)လသက်တမ်းကို အကြိမ်ကြိမ်တိုးလာခဲ့သည်မှာ (၆)ကြိမ်မြောက်ရှိဖြစ်ရာ ၎င်းတို့၏ စစ်သားစိတ်ဓါတ် မပြတ်သားမှု နှင့်အတူ ကတိကဝတ် မတည်သည်ကို တွေ့ရသည် ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲအတွက် အဓိက လုပ်ငန်းစဉ်ဖြစ်သည့် မြေပြင် လူဦးရေစာရင်းကောက်ယူနေသည့် လုပ်ငန်းစဉ်မှာ  (၁)နှစ်ခွဲဝန်းကျင် ကြာမြင့်နေပြီ ဖြစ်ပြီး  ရာနှုန်းပြည့် စာရင်းကောက်ခံနိုင်မှု အခြေအနေမှာလည်း တိုင်းနှင့်ပြည်နယ် (၁၅)ခုအနက် တိုင်းနှင့်ပြည်နယ်(၉)ခုတွင်သာ လုပ်ဆောင်နိုင်သေးသည့် အခြေအနေသာရှိနေသည်။

 “ရွေးကောက်ပွဲကတော့ ဖြစ်လာနိုင်စရာ မရှိဘူး။ ပေါ်တင်ပဲ အာဏာသိမ်းသလိုပေါ့ ရွေးကောက်ပွဲအကြောင်းပြ ပြီးပဲ ဆက်ပြီးတော့ အာဏာသိမ်းထားဖို့ပဲ ရှိတာပေါ့။”ဟု ဦးဖေသန်းက ဆက်ပြောသည်။

 အသက်(၆၈)နှစ်ရှိပြီဖြစ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် နိုင်ငံတော်ဝန်ကြီးချုပ် အပြင် မကြာသေးမီက မိမိကိုယ်ကို ယာယီသမ္မတ အဖြစ်လည်း ခန့်အပ်ကာ ယာယီသမ္မတတာဝန်ကိုလည်း ယူထားသူ ဖြစ်ပြီး ၎င်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာကိုလည်း အကန့်အသတ်မရှိ ဆွဲဆန့်ထားသည်။

 အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရာထူးအာဏာကို မက်မောသည့် အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ် စတင်တာဝန်ယူသည့် ၂၀၁၁ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သာရှိသေးပြီး ၂၀၁၂-၂၀၂၃ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး နှင့် ဗိုလ်ချုပ်မှူးကြီး အဆင့်များကို လပိုင်းအတွင်း ချက်ချင်း တိုးမြှင့်ကာ အမြင့်ဆုံး ရာထူးအဆင့်အတန်းကို ကိုယ်တိုင်ရယူထားသူလည်း ဖြစ်ရာ ဤသည်မှာ ၎င်း၏ ရာထူးအာဏာ မက်မောမှု၏ အစဦးပိုင်း ဖြစ်သည်။