ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း မြစ်ရေတက်နေ

ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း မြစ်ရေတက်နေ
ဇူလိုင် 27, 2024 | အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ရေမြင့်တက်လာနေပြီး (၂၄)နာရီအတွင်း (၂)ပေအထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အမြန်လမ်းဟောင်းကို ရေကျော်နေပြီဖြစ်သော်လည်း ကားများသွားလာနိုင်သေးကာ (၂၄)နာရီအတွင်း ရေထပ်မံမြင့်တက်လာပါက ကားများသွားလာနိုင်တော့မည်မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။

"ရေကြီးနေကြနေရာပါပဲ။ ခေါင်းဆေးကျွန်းနေရာ ရေတက်နေတာ။ မြစ်ရေကတော့ တက်နေတယ်။ (၂၄)နာရီအတွင်း ၂ ပေထပ်တက်မယ်လို့ ကြေညာထားတယ်။ အခုတော့ ကားတွေသွားလို့ရနေသေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လမ်းဟောင်းရေတက်နေသော်လည်း အမြန်လမ်းသစ်ဘက်တွင် ရေတက်ခြင်းမရှိ၍ လမ်းသစ်ဘက်မှ သွားလာနိုင်သည်ဟု သိရသည်။

မြစ်ရေသည် အမြန်လမ်း‌ဟောင်းပေါ်သို့ ယမန်နေ့ညပိုင်းကစတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များကိုမူ ပြီးခဲ့သည့်(၂)ရက်ဝန်းကျင်ကစတင်၍ ရေဝင်ရောက်နေပြီဟု ဆိုသည်။

"ရေကတော့ (၅)နာရီအတွင်းမှာတင် (၁)ပေကျော်တက်တယ်။ ဆက်ပြီးတော့လည်း ရေကတက်နေဆဲပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းတို့တွင်လည်း ရေကြီး၊ ရေလျံခြင်းများဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက အရေးပေါ်ပြောင်းရွှေ့ရန် ကြေညာချက်ထုတ်ပြန်ထားရသည်။

#TachileikNewsAgency

Photo: CJ