ဓားပြသာသာစစ်ဘုရင်ဝါဒ အဆုံးသတ်ခါနီးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဓားပြသာသာစစ်ဘုရင်ဝါဒ အဆုံးသတ်ခါနီးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဓားပြသာသာစစ်ဘုရင်ဝါဒ အဆုံးသတ်ခါနီးပြီဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ၎င်းတို့ပိုင်ဌာနများမှတဆင့် ပြောဆိုလာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရှုံးသွားသဖြင့် ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေသူများ၊ အဖွဲ့အစည်းများ၊  မီဒီယာများကို စိတ်ပျက်ဖွယ်တွေ့ရကြောင်းနှင့် ဓားပြသာသာစစ်ဘုရင်ဝါဒ အဆုံးသတ်ခါနီးပြီဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

“ဒီနေ့ ဒီအချိန်မှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှု အမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထု အပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့ သစ္စာမဲ့တဲ့ လောက်ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသော ပူးပေါင်း ကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ် ခါနီးဖြစ်နေပါပြီ။”ဟု ဇော်မင်းထွန်းက ပြောသည်။

BPLA တပ်ကိုလည်း ဇော်မင်းထွန်းက ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့ဟုလည်း ပြောဆိုပြီး လားရှိုးမြို့တွင် MNDAA က အရပ်ဝတ်များနှင့် ဝင်ရောက်နေရာယူပြီး ယူနီဖောင်းလဲကာ အလံထောင်ခြင်း၊ လမ်းလျှောက်ပြခြင်းများ လုပ်ဆောင်ခဲ့သည်ဟုလည်း ပြောဆိုသည်။

“ပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိတဲ့ ပြည်သူလူထုက လူသားချင်းစာနာစိတ်နဲ့ ဆောင်ရွက်နေချိန်မှာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်တွေကိုဖျက်ဆီးနေတဲ့ သောင်းကြမ်းသူအဖွဲ့တွေကို အားပေးအားမြောက်လုပ်နေတဲ့ ပြည်ပကိုထွက်ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေသူတွေ၊ အဖွဲ့အစည်းတွေ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။”ဟု ဇော်မင်းထွန်းက ပြောသည်။ 

စစ်ကောင်စီသည် အာဏာသိမ်းစဉ်ကအစ မြန်မာပြည်တဝှမ်း ပြည်သူများကို ဖမ်းဆီး၊ ပစ်သတ်၊ နေအိမ်များကို မီးရှို့၊ လုယက်၊ ဖျက်ဆီးပြီး ဘုရား၊ ကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးနေသည်မှာ (၃)နှစ်နီးပါးရှိပြီဖြစ်သော်လည်း ဇော်မင်းထွန်းက ၎င်းတို့လုပ်ရပ်များအား ပြောဆိုခြင်းမရှိဘဲ တော်လှန်ရေးတပ်များနှင့် ပြည်သူများအား ရန်တိုက်စကားပြောဆိုပြန်သည်။

“တိုင်းရင်းသား ပြည်သူလူထုရဲ့ သေကြေပျက်စီးမှု၊ အိုးအိမ်နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင်လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာတွေဖြစ်တဲ့ ဘုရား၊ ကျောင်း ဘာသာရေးအဆောက်အဦးတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေရသူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ လူမျိုး၊ ကျွန်တော်တို့ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်စဉ်းလဲသည့်စိတ်၊ ဖျက်လိုဖျက်ဆီးစိတ် ရှိတယ်ဆိုတာကို အထင်းသား ပေါ်လွင်ပြသနေတာဖြစ်ပါတယ်။”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်သူကိုဖိနှိပ်အုပ်ချုပ်နေသည့် စစ်ကောင်စီက ပြည်သူလူထုတရပ်လုံးအနေဖြင့် ထိထိရောက်ရောက် ဝိုင်းဝန်းပြတ်သားစွာ ဆန့်ကျင်ကြရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏စကားကို ပြန်လည်ပြောဆိုသည်။

ရှမ်းမြောက်တွင် စစ်ရှုံး၍ ကိုယ်လွတ်ရုန်းထွက်ပြေးနေရသည့် စစ်ကောင်စီက MNDAA၊ TNLA နှင့် တခြားအဖွဲ့အစည်းများတွင် မတရားစုဆောင်းခံထားရသူများ ဘေးကင်းရာကိုထွက်ပြေးလာနိုင်ပြီး စစ်ကောင်စီတပ်နှင့် လုံခြုံရေးအဖွဲ့အစည်းများက အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခိုင်ခိုင်မာမာ အာမခံသည်ဟုလည်းပြောဆို စည်းရုံးသည်။

ထို့ပြင် ဇော်မင်းထွန်းသည် စစ်ကောင်စီတပ်၏ ခေတ်ဟောင်းမှ သမိုင်းအောင်မြင်မှုများကို ဂုဏ်ယူစွာထုတ်ဖော်ပြောဆိုရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် အစဉ်အလာကြီးမားသည့် စစ်တိုင်းကြီးဖြစ်သည်ဟုလည်း ပြောဆိုသည်။

လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်များက တိုက်ခိုက်စဉ် မြန်မာပြည်သူများ၊ ဒေသခံများ၊ တရုတ်နိုင်ငံသားများက ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထု၏ စည်းရုံးမှုကို ဖြိုခွဲရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဝါဒမှိုင်းတိုက်သည်။

(၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင်လ (၂၅)ရက်နေ့ နံနက်(၄)နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်။”ဟု MNDAA က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် MNDAAက လားရှိုးမြို့ကို အပြီးပိုင်သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ အုပ်ချုပ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ယနေ့တွင် ကြေညာသည်။

လားရှိုးတိုက်ပွဲကြောင့် နေရပ်စွန့်ခွါထွက်ပြေးပြီး ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့အပါအဝင် အခြားမြို့ရွာများကို ရောက်ရှိခိုလှုံနေရသည်။

#TachileikNewsAgency