အမျိုးသားညီညွတ်ရေးအစိုးရမှ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရမှ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် ဇွန်လ (၃၀)ရက်နေ့မှ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဆော့လော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ချီဖွေနှင့် မချမ်းဘောမြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် (၂၀,၅၀၀,၀၀ဝ)ကို ချိတ်ဆက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီး၊ ထီးချိုင့်၊ ကသာ၊ မင်းကင်း၊ မြောင်နှင့် စစ်ကိုင်းမြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များကို ပြည်သူမှပြည်သူသို့ လှူဒါန်းမှုများနှင့် မြို့နယ်လူသားစာနာ အခွန်ခွဲတမ်းမှ ရန်ပုံငွေများဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ထောက်ပံကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြေပြင်ရှိလူသားစာနာအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့ကယ်ဆယ် နေရာချထားရေးလုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရေးပေါ် စားနပ်ရိက္ခာများကို ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများ၏ လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် ရန်ပုံငွေအလှူရှင်များ၏ ညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ခဲ့မှုများကို အလေးအနက်ထားကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနမှ ဆိုသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ်များအတွက် နေ့အလိုက် မိုးလေဝသခန့်မှန်းချက် အခြေအနေသတင်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency