ရန်ကုန်မြစ်အတွင်း သမ္ဗာန်နစ်မြှုပ်ကာ ၈ ဦးပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း သမ္ဗာန်နစ်မြှုပ်ကာ ၈ ဦးပျောက်ဆုံးနေ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြစ်အတွင်း လူ(၁၇)ဦး လိုက်ပါလာသည့် သမ္ဗာန်နစ်မြှုပ်ကာ (၈)ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့ နံနက်(၈)နာရီကျော်က ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီး တိမ်းမှောက်နစ်မြှုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် (၁၇)ဦးအနက် (၉)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

"ကယ်ဆယ်ပြီးသူတွေကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်။ သမ္ဗာန်က သင်္ဘောကို ဝင်တိုက်ပြီးမှောက်သွားတာ။ ကလေးတွေလည်းပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သမ္ဗာန်သည် တွဲသင်္ဘောတစ်စီးကို တိုက်မိပြီး နစ်မြှုပ်သွားရာ ကျောင်းသား(၃)ဦးအပါအဝင် (၈)ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

#TachileikNewsAgency