မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ အရှေ့ဘက် ဒို့မြန်မာကျော်ဆီဆိုင်မှ ကားဖြင့်လိုက်ပါလာသည့် အင်အား (၂၅)ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကားပေါ်မှဆင်း၍ ကားလမ်းအတိုင်း ခြေလျှင်လျှောက်လာစဉ် ဇူလိုင်လ (၈)ရက်နေ့ နံနက် ရှစ်နာရီခွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လမ်းတွင် စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းအား ပူးပေါင်းတပ်ဖွဲ့မှ တစ်ဖက်ပွင့်ပြောင်း (၁၂)လုံးဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဉ့်ကလျားဖြစ်နေစဉ် (၄၀)မမ သုံးလုံးနှင့် လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား မျက်မြင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကာ စစ်ကောင်စီ၏ သံပြားကာကားများ စစ်ကူရောက်လာသဖြင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Black Eagle Defence Force-MMU မှ ဆိုသည်။

စစ်ဆင်ရေးဆောင်ရွက်နေစဉ် အချိန်တပြိုင်တည်းတွင် ဒို့မြန်မာကျော်ဆီဆိုင်ရှိ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးသီး (၈)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး သေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)မှ ဦးဆောင်၍ မြင်းမူမြို့နယ် ပလဖနှင့် Black Eagle Defence Force-MMU တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့ကလည်း မုံရွာ-မန္တလေး လမ်းပိုင်းရှိ ရေပိုးစား၊ ဂွေးပင်တောနှင့် မြောင်လမ်းခွဲတို့ရှိ စစ်ကောင်စီအထိုင်စခန်းများ ၊ လမ်းပေါ်တက် ပိုက်ဆံကောက်နေသည့် စစ်သားများနှင့် ကင်းပုန်းများကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် Drop-Bomb သီး (၁၉) လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖမှ ဦးဆောင်၍ မြို့နယ် ပကဖ Drone တပ်ဖွဲ့၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force နှင့် ဒေသခံ ပကဖများမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency