ထောင်အပြောင်းဖြင့်ရောက်လာသည့် နိုင်ကျဉ်းများကို မကွေးထောင်အာဏာပိုင်များမှ ရိုက်နှက်တိုက်ပိတ်ထား 

ထောင်အပြောင်းဖြင့်ရောက်လာသည့် နိုင်ကျဉ်းများကို မကွေးထောင်အာဏာပိုင်များမှ ရိုက်နှက်တိုက်ပိတ်ထား 

မ‌န္တလေးအိုးဘိုအကျဉ်းထောင်မှ မကွေးအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်တာဝန်ခံများမှ ရိုက်နှက်ဖိနှိပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား(၄၀)ကျော်ကို ၂၀၂၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် Main Jail သို့ ခေါ်ဆောင်၍ နိုင်ငံရေးအကျဉ်းသားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ခြေကျင်းဒေါက်များကို (၁၄)ရက်အထိ ခတ်ထားခဲ့သည်ဟု သိရသည်။ 

ဒေါက်ခတ်ခံထားရစဉ် ရေချိုးချိန်၌လည်း ပုံစံခွက်ဖြင့်သာချိုးရပြီး ပုံမှန်ရေချိုးခွက်ဖြင့်စုစုပေါင်း (၁၅)ခွက်သာ ချိုးခွင့်ပေးကာ ဇွန်လ (၁၆)ရက်မှ ဇွန်လကုန်အထိ အကျဉ်းဦးစီးဝန်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦးနှင့် ဝန်ထမ်း ဌေးဝင်းလှိုင်တို့ ဦးဆောင်၍ နိုင်ကျဉ်းများကို ရိုက်နှက်မှုများ နေ့စဉ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆောင်မှ နေ့စဉ်ခေါ်ထုတ်ရိုက်နှက်မှုကိုခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများမှ ရိုက်နှက်မှုပြုလုပ်ခဲ့သည့် အကျဉ်းဦးစီးဝန်ထမ်းများကို မည်သည့်အတွက် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်သနည်းဟု မေးမြန်းခဲ့ကြသည့်အတွက် မေးမြန်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားများထဲမှ ဦးဆောင်သူဟု အကျဉ်းဦးစီးမှ ယူဆထားသည့် နိုင်ငံရေးအကျဥ်းသား(၁၀)ဦးကို ထပ်မံရိုက်နှက်၍ တိုက်ပိတ်ထားသည်ဟု သိရသည်။

#TachileikNewsAgency