ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၇၀) ဝန်းကျင် လက်နက်ချ အညံ့ခံသည်ဟု ချင်းညီနောင်များတပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည် ။
ချင်းညီနောင်များသည် မဟာမိတ်အင်အားစုများနှင့်ပူးပေါင်း၍ မင်းတပ်နှင့် ဖလမ်းမြို့တို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ကစတင်ကာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ အဆက်မပြတ် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီ အခြေချတပ်စခန်းများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များတပ်စွဲထားသော စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ယာ(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့ဝန်းနှင့် ခလရ(၂၇၄)တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။
မင်းတပ်ခရိုင်ရဲတပ်ဖွဲ့ဝန်းနှင့် ခလရ(၂၇၄) တပ်ရင်းတို့ကို ထိုးစစ်ဆင်နေရာ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့ဝန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲ အင်အား(၁၂၃)ဦး မိသားစုနှင့်အတူ လက်နက်ချ အညံ့ခံခဲ့သည်ဟု ဆိုသည်။
ဖလမ်းမြို့စစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေအုပ်ရုံးနှင့် ဆေးရုံကုန်းတို့ကို သိမ်းပိုက်ထားပြီး ရဲတပ်ဖွဲ့ဝင်(၄၅)ဦး လက်နက်ခဲယမ်းများ နှင့်အတူ နိုဝင်ဘာလ (၁၂)ရက်နေ့က လက်နက်ချအညံ့ခံသည်ဟု သိရသည်။
ချင်းညီနောင်များအနေဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Chin Defence Force -Kanpetlet