ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ (၁၄) ရက်နေ့တွင် လေကြောင်းမှ ကင်းထောက်လေယာဉ်များကိုပါ အသုံးပြုတိုက်ခိုက်နေရာ ည (၉)နာရီ (၄၇)မိနစ်ဝန်းကျင်အချိန်ထိ မြို့အနောက်ဘက်ခြမ်း၌ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ တိုက်ခိုက်မှုကို မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လည်ခုခံနေရာ မြို့အရှေ့ဘက်ခြမ်းတွင် ညပိုင်း၌ တိုက်ခိုက်မှုရပ်ဆိုင်းသွားသော်လည်း မြို့အနောက်ဘက်ခြမ်း၌ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည့်အပြင် မြို့တွင်း၌လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက လမ်းသွားလမ်းလာများအား စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ရှိနေကြောင်း သိရသည်။
တူမီးသေနတ်များဖြင့် ပြန်လည်ခုခံနေသည့် မင်းတပ်မြို့တွင်းသို့ အာဏာသိမ်းစစ်ကောင်စီက စစ်သုံးရဟတ်ယာဉ် (၃) စီး၊ တိုက်လေယာဉ် (၁) စီး၊ ဒရုန်းယာဉ် (၂) စီးတို့ဖြင့် ညနေပိုင်းတွင် နယ်မြေအခြေအနေ ကင်းထောက်ခြင်းကို လုပ်ဆောင်သည့်အပြင် လူအင်အား၊ လက်နက်အင်အား ထပ်ဖြည့်နေသည်ဟုလည်း သိရသည်။
စစ်ကောင်စီ၏ လက်နက်ကိုင် စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က မင်းတပ်မြို့အား နေ့လယ်ပိုင်းကတည်း မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်ဖက်ခြမ်းတို့မှ နှစ်ဖက်ပိတ်၍ တိုက်ခိုက်ခဲ့ပြီး မြို့အနောက်ဘက်ရှိ ၂၇၄ တပ်ရင်းနှင့် မြို့အရှေ့ဘက်ခြမ်းရှိ ရဲစခန်းတို့မှနေ၍ စနိုက်ပါများ၊ မောင်းပြန်များဖြင့် ပစ်ခတ်နေခဲ့သည့်အပြင် မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခံနေရခြင်းဖြစ်ကြောင်း သိရသည်။