အာဏာသိမ်း မြန်မာစစ်အုပ်စုက နိုင်ငံတဝန်း နောက်ထပ်မြို့ကြီးများတွင် CCTV များ တပ်ဆင်နေ 

အာဏာစသိမ်းသည့် ၂၀၂၁ခုနှစ်အတွင်းက ပုံဖြစ်သည်။
အာဏာစသိမ်းသည့် ၂၀၂၁ခုနှစ်အတွင်းက ပုံဖြစ်သည်။
အာဏာသိမ်း မြန်မာစစ်အုပ်စုက နိုင်ငံတဝန်း နောက်ထပ်မြို့ကြီးများတွင် CCTV များ တပ်ဆင်နေ 
ဇူလိုင် 12, 2022 | အခြားဒေသများ
By Mr John

 

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက တရုတ်နိုင်ငံထုတ် မျက်နှာမှတ်သား သိရှိနိုင်သော စွမ်းဆောင်ရည်ပါဝင်သည့် စောင့်ကြည့်ကင်မရာများ နိုင်ငံတဝန်း နောက်ထပ်မြို့ကြီးများတွင် တပ်ဆင်နေကြောင်းကို ထိုကိစ္စနှင့် တိုက်ရိုက်သိထားသူ (၃) ဦးက အတည်ပြုပြောသည်။ 

လုံခြုံရေးကင်မရာများ တပ်ဆင်ရန်နှင့် မျက်နှာမှတ်သားသိရှိနိုင်သည့် နည်းပညာအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ထိုအစီအစဥ်များမှာ မြို့များလုံခြုံရေး စီမံကိန်းအဖြစ် ပြောထားပြီး အချို့ကိစ္စများတွင် အများပြည်သူ တည်ငြိမ်အေးချမ်းမှုရှိစေရန်ဟုဆိုကြောင်း စစ်အုပ်စု၏ အဆိုပါ စီမံကိန်းများတွင် ပါဝင်ပတ်သက်နေသူများကပြောကြောင်း Reuters သတင်းက ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်တွေက စောင့်ကြည့်ကင်မရာအသစ် စီမံကိန်းများကို မြန်မာနိုင်ငံ၏ စတုတ္တ အကြီးဆုံးမြို့ဖြစ်သည့် မော်လမြိုင်မြို့အပါအဝင် အနည်းဆုံး မြို့ကြီး (၅)မြို့တွင် လုပ်ဆောင်ခဲ့ကြောင်း စစ်အုပ်စုက လက်တုံ့ပြန်ဖမ်းဆီးမည်ကို စိုးရိမ်မှုကြောင့် အမည်မဖော်သူ ထိုပုဂ္ဂိုလ် (၃) ဦးက ပြောသည်။

စီမံကိန်းအသစ်များမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်က မှုခင်းတားဆီးကာကွယ်ရေးအဖြစ် ထိုမြို့ကြီး (၅) ခုတွင် တပ်ဆင်ရန်စီစဥ်ထားခဲ့သည့် ကင်မရာစနစ်များကို ထပ်မံ တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

စစ်အုပ်စုက မြန်မာနိုင်ငံ၏ ပြည်နယ် (၇) ခုနှင့် တိုင်းဒေသကြီး (၇) ခုရှိ မြို့ကြီးများတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်သွားရန် စီစဥ်နေကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

စောင့်ကြည့်ကင်မရာစနစ်များ ဖြန့်ကျက်တပ်ဆင်မည့် စစ်အုပ်စု၏ ကြိုးပမ်းလုပ်ဆောင်နေမှု အတိုင်းအတာကို ယခင်က သတင်းဖော်ပြခဲ့ဖူးခြင်း မရှိပေ။ 

ကင်မရာတပ်ဆင်ရေး တင်ဒါအောင်သည့် ပြည်တွင်းကုမ္ပဏီများအနက် Fisca Security & Communication နှင့် Naung Yoe Technologies Co. တို့ ပါဝင်ကြောင်း သတင်းရင်းမြစ် (၃) ခုက ပြောသည်။ 

တပ်ဆင်သွားမည့် စောင့်ကြည့်ကင်မရာနှင့် ဆက်စပ်နည်းပညာမှာ တရုတ်နိုင်ငံမှ စောင့်ကြည့်ကင်မရာ ကုမ္ပဏီကြီးများဖြစ်ကြသည့် Zhejiang Dahua Technology ၊ Huawei Technologies Co Ltd နှင့် Hikvision တို့ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖြည့်စွက်ပြောခဲ့သည်။

မော်လမြိုင်မြို့တွင် စောင့်ကြည့်ကင်မရာစနစ် တပ်ဆင်ခြင်း လုပ်ငန်းတင်ဒါကို စစ်တပ်က အာဏာသိမ်ပြီးနောက် မကြာမီမှာပင် ခေါ်ယူခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ 

ထို့နောက် လပိုင်းအကြာတွင် တောင်ကြီးနှင့် ထားဝယ်တွင် ကင်မရာများတပ်ဆင်ရန် တင်ဒါခေါ်ခဲ့ကြောင်း သတင်းရင်းမြစ် (၃) ခုအနက်မှ (၂) ခုက ပြောသည်။ 

မော်လမြိုင်မြို့အတွက် တင်ဒါကို Fisca  နှင့်  Naung Yoe တို့ ပူးတွဲရရှိခဲ့ကြောင်း သိရသည်။

ထားဝယ်နှင့် တောင်ကြီးတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်ရန် တင်ဒါကို Fisca က ရရှိခဲ့ပြီး ထိုမြို့တစ်မြို့စီတွင် တရုတ်ကုမ္ပဏီ Zhejiang Dahua Technology ထုတ် ကင်မရာများ ယခုနှစ်တွင် ရာနှင့်ချီ တပ်ဆင်ထားသည်ကို တွေ့မြင်ရကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ 

ထို့အတူ မော်လမြိုင်မြို့တွင်လည်း ယခုအခါ Dahua ကင်မရာ (၂၀၀) ကျော် တပ်ဆင်ထားပြီးဖြစ်ကာ နောက်ထပ် တပ်ဆင်သွားရန်လည်းရှိကြောင်း သိရသည်။

Dahua ကင်မရာများကို ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားနေသော ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်လည်း တပ်ဆင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း စောင့်ကြည့်ကင်မရာစနစ်များ တပ်ဆင်ရန် ကနဦး ဆွေးနွေးမှုများ စတင်နေပြီဟု ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့များ၌ CCTV ကင်မရာများ တပ်ဆင်ခဲ့ပြီး မန္တလေးမြို့တွင် Huawei ကုမ္ပဏီနှင့် စောင့်ကြည့်ကင်မရာစနစ်အတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်တွင်းမီဒီယာနှင့် သတင်းရင်းမြစ် (၂) ခုက ပြောသည်။

နေပြည်တော်တွင် တပ်ဆင်ထားသည့် Huawei ကင်မရာများကို မျက်နှာမှတ်သားမှုဆော့ဖ်ဝဲ (facial recognition software) နှင့် ပေါင်းစပ်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ 

ရန်ကုန်မြို့တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာစနစ်တွင် Hikvision ကုမ္ပဏီ၏ ယာဥ်ကြောထိန်းချုပ်မှုစင်တာနှင့် ကင်မရာတံဆိပ်များ ရောနှောအသုံးပြုထားကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်မှုကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန် ပြောခဲ့ကြောင်း သိရသည်။ 

စစ်တပ်က အာဏာမသိမ်းမီက မန္တလေးတွင် Huawei ကင်မရာ အနည်းဆုံး အလုံး (၃၀၀) တပ်ဆင်ထားပြီး နောက်ထပ် ရာနှင့်ချီ ထပ်မံ တပ်ဆင်ရန်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Reuters က ဖော်ပြထားသည်။

ပုဂံမြို့အတွက်လည်း အာဏာသိမ်းမှုမတိုင်မီက စောင့်ကြည့်ကင်မရာတပ်ဆင်ရေး တင်ဒါခေါ်ခဲ့ကြောင်း သတင်းရင်းမြစ် (၂) ခုက ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှင့် တိုက်ပွဲများဖြစ်ပွားမှုရှိသည့် ရခိုင်ပြည်နယ်တွင်မူ ၂၀၁၉ ခုနှစ်ကတည်းက စစ်တွေမြို့နှင့် ကျေးရွာအချို့၌ CCTV စနစ်များကို Huawei ကင်မရာများ တပ်ဆင်အသုံးပြုပြီး လုပ်ဆောင်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

စောင့်ကြည့်ကင်မရာများကိစ္စနှင့် ပတ်သက်၍ စစ်အုပ်စုပြောခွင့်ရပုဂ္ဂိုလ်ကို မေးမြန်းရန် ဖုန်းခေါ်ဆို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိကြောင်း Reuters သတင်းက ဖော်ပြထားသည်။ 

စစ်အုပ်စုလက်အောက်ခံ ပြည်နယ်နှင့်တိုင်းဒေသကြီးဆိုင်ရာ အစိုးရများထံ ဖုန်းဆက်သွယ်ခဲ့ရာတွင်လည်း လက်ခံဖြေကြားခြင်းမရှိဟု ဆိုသည်။ 

Reuters အနေဖြင့် တင်ဒါများကို ကြည့်ရှုသုံးသပ်နိုင်ခြင်းနှင့် သက်ဆိုင်ရာ မြို့များသို့ သွားရောက်ကြည့်ရှုပြီး ကင်မရာတပ်ဆင်ထားမှုများကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဖော်ပြသည်။

စောင့်ကြည်ကင်မရာ တင်ဆင်ရေးလုပ်ငန်း တင်ဒါအောင်ခဲ့သည့် Fisca နှင့် Naung Yoe ကုမ္ပဏီတို့ကိုလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်းမပြန်ခဲ့ဟု Reuters က ဖော်ပြသည်။ 

ထို့အတူ Huawei နှင့် Dahua တို့ကလည်း Reuters က မှတ်ချက်ပေးရန် မေးမြန်းမှုကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။ 

Hikvision ကမူ မြန်မာအစိုးရအာဏာပိုင်များထံ ၎င်း၏ထုတ်ကုန်များ တိုက်ရိုက်ရောင်းချခဲ့ခြင်း လုံးဝမရှိကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

Hikvision က မြန်မာနိုင်ငံကို မျက်နှာမှတ်သားသည့်နည်းပညာလည်း ရောင်းချခဲ့ခြင်းမရှိဟု ဆိုသည်။ 

မျက်နှာပြင်မှတ်သားမှုဆော့ဖ်ဝဲနှင့် ပေါင်းစပ်အသုံးပြုနိုင်သော ၎င်း၏ ကင်မရာများ မြန်မာနိုင်ငံကို ရောင်းချထားသည့်ကိစ္စများကို သိရှိထားခြင်းရှိ မရှိ မေးမြန်းခဲ့ရာတွင် Hikvision က မဖြေကြားခဲ့ကြောင်း သိရသည်။ 

Reuters ကို ပြောပြခဲ့သည့် သတင်းရင်းမြစ် (၃) ခု၏ အဆိုအရ တရုတ်ဆော့ဖ်ဝဲလိုင်စင်များမှာ ကုန်ကျစရိတ်ကြီးတာကြောင့် တင်ဒါအောင်ထားသော မြန်မာကုမ္ပဏီများက ပြည်တွင်းနှင့် ဒေသတွင်းကုမ္ပဏီများက ထုတ်လုပ်ထားသည့် မျက်နှာမှတ်သားဆော့ဖ်ဝဲကို တစ်ခါတစ်ရံ အသုံးပြုကြကြောင်း သိရသည်။ 

ဆော့ဖ်ဝဲကုမ္ပဏီအမည်များကိုမူ ၎င်းတို့က ထုတ်ဖော်မပြောခဲ့ကြကြောင်း Reuters က ဖော်ပြထားသည်။

Source: Reuters