ကျေးဌက်များ ဥ ဥချိန် နှင့် သားပေါက်ချိန် ကာလဖြစ်သည့် မေလ မှ ဇူလိုင်လအထိ (၃) လတာအတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို မပြုလုပ်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး မေတ္တာရပ်ခံထားသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်သည် အဖိုးမဖြတ်နိုင်သည့် ကမ္ဘာဦးသစ်တောများ၊ ရှားပါး လိပ်ပြာမျိုးစိတ်များ၊ ကျေးငှက်များ၊ သစ်ခွမျိုးစိတ်များနှင့် မြင့်မားလှသော တောင်စဉ် တောင်တန်းများ တည်ရှိပြီး သဘာဝတောရိုင်း တိရစ္ဆာန် ပေါင်းစုံကျက်စားရာ ဒေသတစ်ခုဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ ကျေးငှက်များ ဥများ ဥချပြီး သားပေါက်ချိန်ကာလတွင် အဖိုးတန် သဘာဝတောရိုင်း တိရိစ္ဆာန်များကို ကာကွယ်ရန် ၂၀၂၃ခုနှစ် မေလ မှ ဇူလိုင်လကုန်အထိ (၃)လတာ ငှက်ပစ်အမဲလိုက်ခြင်းကို ပိတ်ပင်လိုက်ကြောင်း မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဧပြီလ (၂၉)ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
မင်းတပ်ဒေသတွင်း နေထိုင်သည့် ကျေးငှက်များတွင် ရှားပါးငှက်မျိုးစိတ်များလည်း ပါဝင်ကြပြီး အဖိုးတန် သဘာဝအမွေအနှစ်များဖြစ်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမည် ဖြစ်သည့်အပြင် တော်လှန်ရေး အောင်မြင်ပြီးနောက် အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူများအတွက် ခရီးသွားလာရေး ကဏ္ဍမှတစ်ဆင့် ဝင်ငွေရရှိစေမည်ဖြစ်သောကြောင့် တားမြစ်ချက်ကို အလေးအနက်ထား လိုက်နာရန်လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
ငှက်များတွင် ဥ ဥပြီးနောက် အကောင်ပေါက်ချိန်မှာ ငှက်အမျိုးအစားကို လိုက်၍ (၁၅)ရက်ဝန်းကျင်ကနေ များသောအားဖြင့် ရက်ပေါင်း(၃၅)ရက်ကြာသည်အထိ ကြာတတ်ပြီး အကောင်ပေါက်ပြီးသော်လည်း ဝပ်ကျင်းထဲမှ သားပေါက်များ အမွေးအတောင်စုံသည်အထိ စောင်ရ၍ ငှက်မိခင်များမှာ ၎င်းတို့အတွက် အစာရှာကျွေးရသည်။
အမွေးအတော်စုံလာရန် ငှက်အမျိုးမျိုးကို လိုက်၍ (၇)ရက်မှ (၁၀)ရက်အတွင်း စောင့်ရတတ်သလို အမွေးအတောင်များ စုံလာပြီးနောက် (၁၄)ရက်အတွင်း ပျံသန်းတတ်ပြီဖြစ်သည်။
ကမ္ဘာပေါ်တွင် ငှက်မျိုးကွဲပေါင်း (၁၀,၀၀၀)ကျော်ရှိပြီး နိုင်ငံအသီးသီးရှိ ငှက်ပညာရှင် နှင့် ငှက်များကို ချစ်သည့် လူများကို ငှက်မျိုးစိတ်များ ပျက်သုဉ်းခြင်းမရှိစေရန် အသိပညာများပေး၍ ထိန်းသိမ်းလေ့ရှိကြသည်။
မြန်မာနိုင်ငံအနေဖြင့် ကျေးငှက်များတွင် မျိုးတူ မျိုးကွဲအားဖြင့် မှတ်တမ်းတင်ထားသော ငှက်မျိုးမှာ (၁,၂၄ဝ)ရှိပြီး ၎င်းတို့အနက် ငှက်မျိုးပေါင်း (၂၀၀)ဝန်းကျင်မှာ ဆောင်းရာသီမှသာ ထွက်ပေါ်လာတတ်၍ ဧည့်သည်ငှက်မျိုးဟုလည်း တင်စားထားကြသေးသည်။
မြန်မာနိုင်ငံ၏ ရှားပါးငှက်များ နှင့် တောရိုင်းငှက်များမှာ အမဲလိုက်ခံရမှုများကြောင့် မျိုးကွဲအရေအတွက် အများအပြား လျော့နည်းလာ၍ ကာကွယ်ထိန်းသိမ်းရန်လည်း လိုအပ်နေလျက်ရှိကြောင်း ကြက်ငှက်မျိုးကွဲထိန်းသိမ်းရေးအဖွဲ့များက အကြံပြုထားကြသည်။