မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ည(၁၀)နာရီခွဲကျော်တွင် လေကြောင်းတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်ဦးလွင်ခရိုင်ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပြည်စိုးအောင်ရပ်ကွက်ကို ပေါင်(၅၀၀)ဗုံးတစ်လုံး ဗုံးကြဲချရာ နေအိမ်တစ်လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးပြီး မိသားစုဝင်များဖြစ်သည့် အသက် (၄၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အသက်(၅၃)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၂)နှစ်အရွယ် ကလေးတစ်ဦးတို့ ဒဏ်ရာရသည်ဟု သိရသည်။
“လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို လေကြောင်းကနေဗုံးကြဲတာ အသက်(၄၃)နှစ်အရွယ် မစန်းစန်းမွန် သေဆုံးတယ်။ အသက်(၅၃)နှစ်အရွယ် ဦးခင်မောင်မြင့် ထိခိုက်ဒဏ်ရာရတယ်။ အသက်(၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းရှပ်ထိဒဏ်ရာရတယ်။ နေအိမ်တစ်လုံး မီးလောင်ပြီး စာသင်ကျောင်းဆောင်တစ်ခု ပျက်စီးတယ်။ လေကြောင်းကတော့ တောက်လျောက် ပျံနေတာ။”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်း ဗုံးခိုကျင်းတူးထားကြရန် ဦးဆောင်စီစဉ်ထားပေးပြီး ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
မန္တလေးမြို့နှင့် (၅၄)မိုင်ကွာဝေးသည့် စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ပြီး ဇူလိုင်လ(၁၇)ရက်နေ့တွင် မြို့ကို အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
လက်ရှိတွင် စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်း၍ ပြန်လည်ရယူရန် ကြိုးစားနေပြီး တိုက်ပွဲများလည်းဖြစ်နေကာ လေကြောင်းမှလည်း မကြာခဏဗုံးကြဲချခြင်းများပြုလုပ်နေသည်။
#TachileikNewsAgency
Photo:ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်