စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏အကျိုးစီးပွားကို ကာကွယ်ပေးနေသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို အကြံပေးခန့်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏အကျိုးစီးပွားကို ကာကွယ်ပေးနေသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို အကြံပေးခန့်
ဇူလိုင် 5, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏အကျိုးစီးပွားကို ကာကွယ်ပေးနေသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ညိုစောကို အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်များသည် အကြံပေးပုဂ္ဂိုလ်ဟူ၍ ခန့်အပ်ခြင်း တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ရာက စစ်တက္ကသိုလ် အမှတ်စဉ်(၂၃)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်းညိုစောကို အကြံပေးအဖြစ် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ခန့်အပ်သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဟောင်းညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၃)မှဖြစ်ပြီး စစ်တပ်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ကျောင်းအုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူးတာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ လက်ရှိတွင် စစ်တပ်ထောက်တိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

MEC လက်အောက်တွင် ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆယ်သွယ်ရေးနှင့် စားသောက်ကုန်လုပ်ငန်းများအပါအဝင် ကုမ္ပဏီခွဲပေါင်း(၁၉)ခုကျော်ထိရှိကာ ၎င်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီးပွားရေးလုပ်ငန်းများကို ဦးစီးပေးနေရသူလည်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစု၏ ၂၀၁၇ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့သည့် ကန်သာယာဆေးရုံကို တာဝန်ယူတည်ဆောက်ပေးခဲ့သူမှာ ဒုဗိုလ်ချုပ်ကြီးညိုစောဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း (MEC)ကပိုင်ဆိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် မေလအစပိုင်းက ဖွင့်လှစ်ခဲ့သည့် ရန်ကင်းမြို့ နယ် မိုးကောင်းလမ်းရှိ မိုးကောင်းရတနာမိခင်နှင့် ကလေးစောင့် ရှောက်ရေးဆေးရုံမှာလည်း ဒုဗိုလ်ချုပ်ကြီးညိုစောက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းဆေးရုံ(၂)ခုလုံးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

၎င်းသည် ဦးသန်းရွှေလက်ထက် နေပြည်တော်တိုင်း ဗျုဟာမှူးအဖြစ် ပြောင်းနိုင်ခဲ့ပြီး နေပြည်တော်၌ မြေကွက်ပေါင်းများစွာ ရယူနိုင်ခဲ့ရာက DSTA ကျောင်းအုပ်ဖြစ်လာခဲ့သည်။

ထို့နောက် မန္တလေးတိုင်း တိုင်းမှူးဖြစ်ပြီးမကြာမီတွင် စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကာ ၂၀၂၀ခုနှစ် နောက်ပိုင်း ပင်စင်ယူပြီး လက်ရှိတွင် MHELထိပ်တန်းဒါရိုက်တာနှင့် အင်းဝဘဏ်၏ အကြီးဆုံးရာထူးကိုလည်း ရယူထားသူဖြစ်သည်။

#TachileikNewsAgency