လားရှိုးမြို့တွင်း လက်နက်ကြီးထပ်ကျကာ သားအမိနှစ်ဦးသေဆုံး

လားရှိုးမြို့တွင်း လက်နက်ကြီးထပ်ကျကာ သားအမိနှစ်ဦးသေဆုံး
ဇူလိုင် 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းသို့ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးထပ်ကျကာ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်သည် လားရှိုးမြို့ ရက်ကွက်(၉) နယ်မြေ(၃)အနီးသို့ကျကာ သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း လားရှိုးမြို့တွင်း ရပ်ကွက်(၁)၊ သာယာလမ်းသို့ တစ်လုံး၊ ရပ်ကွက်(၅) ပန်အုပ်ကျောင်းဝန်းအတွင်းသို့ တစ်လုံး၊ ရပ်ကွက်(၁၀)မီးပွိုင့်အနီး တစ်လုံး၊ ရပ်ကွက်(၁၀) တောရကျောင်းအနီးသို့ တစ်လုံး၊ ရပ်ကွက်(၁၁) ဂေါက်ကွင်းအတွင်း တစ်လုံး၊ ရပ်ကွက်(၁၀) မြို့၀မ်လမ်းသို့ တစ်လုံး၊ ရပ်ကွက်(၉) စစ်မှုထမ်းဟောင်းအိမ်ယာအနီး တစ်လုံး၊ ရပ်ကွက်(၁၀) ရန်အောင်မြင်အဆင်း ဖိုးပြုံးချိုကား၀မ်ရှော့ရှေ့တွင် တစ်လုံး၊ ရပ်ကွက်(၁၂) လားရှိုးကြီးစျေးအနီးတွင် တစ်လုံး၊ ရပ်ကွက်(၇) ဂျာမိုင်ရွာ သူကြီးအိမ်ဘေးတွင် တစ်လုံး၊ နမ့်ပေါင်ကျေးရွာမှ နေအိမ်သို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ရပ်ကွက်(၁) သာယာလမ်းရှိ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျကာ အရပ်သား(၆)ဦး သေဆုံးကာ နမ့်ပေါင်ကျေးရွာမှ နေအိမ်တစ်လုံးအပေါ်ကိုလည်း လက်နက်ကြီးကျသဖြင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသား (၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၅) ပန်အုတ်ဘုန်းကြီးအတွင်းသို့ လက်နက်ကြီးကျကာ (၃)ဦး ဒဏ်ရာပြင်းထန်ရသည်ဟုလည်း သိရသည်။

လားရှိုးမြို့အနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်နေပြီး လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၏ အမြောက်တပ်၊ ဆင်တောင်၊ ခလရ (၄၁)တပ်၊ ခလရ (၆၈)တပ်စခန်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းကလည်း လားရှိုးမြို့ရှိစစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် လက်နက်၊ ခဲယမ်းများကို ပြစ်ချထောက်ပို့ခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ