နောင်ချို၊ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ဆက်လက်တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထား

နောင်ချို၊ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ဆက်လက်တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထား

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် မိုးမိတ်မြို့နယ်တို့တွင် ယနေ့  ၂၀၂၄ ခုနှစ် ဇွန်လ (၂၉)ရက်နေ့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးသူများကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း TNLAထံမှ သိရသည်။

မိုးမိတ်မြို့နယ် ရွှေဆာလီကျေးရွာတွင် TNLA နှင့် စစ်ကောင်စီတို့ ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဇွန်လ (၂၈)ရက် ညနေပိုင်းတွင် ကျောက်မဲမြို့ အင်ဂျင်းတောင်ရပ်ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးကြဲကာ ကျောက်မဲမြို့နယ် တော့ဆန်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး(၃)လုံးကြဲချ၍ အရပ်သား(၁)ဦး ဒဏ်ရာရသည်ဟု သိရသည်။  

မိုးမိတ်မြို့နယ်၊ လွယ်ဝိန်းတောင်ရှိ စကခ(၂၁)၊ ခလရ(၂၂၃)တပ်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်နေပြီး မိုးမိတ်မြို့နယ်၊ လယ်ကြီးရှိ စစ်ကောင်စီတပ် စကခ(၂၁)၊ ခမရ (၃၄၈)တပ်စခန်းကိုလည်း TNLAက တိုက်ခိုက်နေသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ(၆၀၆)စခန်းကို ဆက်လက်တိုက်ခိုက်‌နေပြီး နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ(၁၄၆) တပ်စခန်းကိုလည်း TNLA က တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သား (၁၀)ဦး သေပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News