မေလ နှင့် ဇွန်လအတွင်း ဗိုလ်မှူး (၄)ဦး အပါအဝင် စစ်သား နှင့် ရဲ (၈၈)ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်

မေလ နှင့် ဇွန်လအတွင်း ဗိုလ်မှူး (၄)ဦး အပါအဝင် စစ်သား နှင့် ရဲ (၈၈)ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်

အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် မနေလို၍  ဗိုလ်မှူး (၄)ဦး အပါအဝင် စစ်တပ်နှင့်ရဲ စုစုပေါင်း (၈၈)ဦးသည် ၂၀၂၄ ခုနှစ်၏ မေလ နှင့် ဇွန်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ခဲ့ကြကြောင်း NUG  ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လအတွင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁)ဦး၊ ဗိုလ်ကြီး (၂)ဦးနှင့် ဒုရဲမှူး (၁)ဦး အပါအဝင် တပ်သားနှင့် ရဲ (၄၃)ဦး  နှင့် မေလအတွင်းက  ဗိုလ်မှူး (၃) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦးနှင့် ဒုရဲအုပ် (၁) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၅) ဦး စုစုပေါင်း (၈၈)ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများထံသို့ ဆက်သွယ်ကာ အလင်းဝင်လာသူများဖြစ်သည်ဟု သိရသည်။

 မေလ နှင့် ဇွန်လ အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၄၂)လက်နှင့် ခဲယမ်းများကိုလည်း ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ (၈၈) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်းရှိရာ လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့် ရဲများအနေဖြင့် ပြည်သူ့ရင်ခွင်၏ တယ်လီဂရမ် @MyanmarPeople သို့ ဖြစ်စေ နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။