ဖားကန့်လည်းရေမြှုပ်နေပြီး ဓာတ်ဆီတစ်ဂါလံ လေးသောင်းကျပ်ပေးဝယ်ယူနေရ

ဖားကန့်လည်းရေမြှုပ်နေပြီး ဓာတ်ဆီတစ်ဂါလံ လေးသောင်းကျပ်ပေးဝယ်ယူနေရ

ကချင်ပြည်နယ် ဖားကန့်မြို့လည်း ရေဘေးကြုံနေရပြီး ဓာတ်ဆီ တစ်ဂါလံ လေးသောင်းကျပ်အထိ ပေးဝယ်ယူနေရကြောင်း ဒေသခံ များထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ဥရုချောင်းရေမြင့်တက်လာပြီး ဖားကန်မြို့တွင်း လူနေရပ်ကွက်များ နစ်မြှုပ်နေပြီဖြစ်သည်ဟု သိရသည်။

"အခုညနေ ဖားကန့်ကျောက်ဝိုင်းပါ မြှုပ်ပြီ။ ဆိုင်းတောင်ကျရွာလည်းမြှုပ်၊ မှော်ရှန်ဖက်က ကုန်းမြင့်ဖြစ်လို့ ရေမဝင်ဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဆိုင်းတောင်တွင် ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်နေ့ကစတင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ဇွန်လ(၂၈)ရက်နေ့တွင် ငြိမ်သက်သွားခြင်းကြောင့် ဒေသခံများ ပြောင်းရွှေ့ရ လွယ်ကူစေခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆန်ခါမှော်၊ မဇွပ်ယန်ကျေးရွာ၊ ငှက်ပျောတော၊ မရှီကထောင်ရပ်ကွက်များလည်း ရေနှစ်မြှုပ်နေသည်ဟု သိရသည်။

လျှပ်စစ်မီးများလည်းပြတ်တောက်နေပြီး ဓာတ်ဆီကိုလည်း တစ်ဂါလံ ငွေကျပ်လေးသောင်း ပေးဝယ်ယူနေရသည်ဟု ဆိုသည်။

"ဒီနေ့တော့ လုံးခင်းဆိုင်တွေဖွင့်ပြီပြောတယ်။ တစ်ဂါလံ လေးသောင်းကျပ်နဲ့ လိုက်ရှာဝယ်ရတယ်။ ပုံးနဲ့ဝယ်မရဘူး။ ဆိုင်ကယ်ထဲ အပြည့်ပဲရတယ်။ ကားဆို တစ်ဂါလံပဲရတယ်။ ဒါတောင်ဖွင့်တဲ့ဆိုင် တော်တော်ရှာလိုက်ရတယ်။ လူများရင် ထပ်ပိတ်လိုက်နဲ့။ ဆီကားဝင်ပြီတော့ ပြောတယ်။ စျေးကျ၊ မကျဘဲ။ မနက်သွားပြန်ထည့်ကြည့်ရမယ်။ ပန့်ဆိုင်တွေလည်း တစ်ဆိုင်တစ်လေပဲဖွင့်ပြီး ပြန်ပြန်ပိတ်ရော။ "ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၅)ပေကျော် မြင့်တက်နေပြီး မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်၊ ချီဖွေမြို့နှင့် ဖားကန့်မြို့တို့၌ ရေဘေးကြုံတွေ့နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ