နောင်ချိုသွားသည့် အရပ်သား ၅၅ ဦးကို စစ်ကောင်စီဖမ်းပြီး ထောင် ၃ လချ

နောင်ချိုသွားသည့် အရပ်သား ၅၅ ဦးကို စစ်ကောင်စီဖမ်းပြီး ထောင် ၃ လချ

မန္တလေးတိုင်း ပြင်ဦးလွင်မှ နောင်ချိုမြို့နယ် အင်းဝိုင်းသို့သွားသည့်လမ်းပိုင်း၌ အရပ်သား(၅၅)ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ထောင်ဒဏ် (၃)လစီချကာ အိုးဘိုအကျဉ်းထောင်သို့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့က ပို့လိုက်သည်ဟု စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ (၂၅)ရက်နေ့တွင် စစ်ကောင်စီတပ်က ပိတ်ထားသော အင်းဝိုင်းသို့သွားရာလမ်းရှိ ဝက်ဝံဂိတ်အကျော်မှ ကွင်းလမ်းတွင် ကား(၆)စီး၊ ဆိုင်ကယ်အစီး(၄၀)တို့ကို စစ်ကောင်စီတပ်က ဗျူဟာမှူးကိုယ်တိုင် ဖမ်းကာ ထောင်ချလိုက်သည်ဟု ဆိုသည်။

“၅၅ ဦးကို ထောင်ချလိုက်တာ။ ဗျူဟာမှူး ကိုယ်တိုင်ပေါ့နော်။ သူတို့က ဒီကွင်းလမ်းကို ပိတ်ထားတာကိုမှ ကွင်းလမ်းထဲဝင်လာလို့ ဖမ်းတာ။ တော်လှန်ရေးနဲ့ပတ်သက်တဲ့ စာတွေ၊ ဘာတွေ၊ ဖုန်းတွေစစ်လို့ မဟုတ်ဘူး။ အဲဒီ လမ်းထဲကို ဝင်လာလို့ဖမ်းတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ နိုဝင်ဘာလ(၃၀)ရက် နေ့တွင် ပြောသည်။

 

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများမှာ ယာဉ်မောင်းများ၊ ဆိုင်ကယ်စီးနင်းသူများနှင့် ခရီးသည်များပါဝင်နေပြီး အားလုံးကို ပုဒ်မ ၆၁(ဂ)ဖြင့် ထောင်(၃)လစီချပြီး အိုးဘိုထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပုဒ်မ ၆၁(ဂ)ဆိုသည်မှာ မှောင်ရိပ်ခိုမှုဟုလူသိများသည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ်(၁)လမှ (၆)လအထိနှင့် ဒဏ်ငွေ (၃)သောင်းကျပ်မှ (၁)သိန်းကျပ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု စစ်ကောင်စီ၏ ဥပဒေတွင်ဖော်ပြသည်။ 

“အဲဒီနေ့က ဗျူဟာမှူးကိုယ်တိုင် ဆင်းဖမ်းတယ်ဆိုတာကလည်း စစ်ကောင်စီလော်ဘီ ဇော်မိုးဟိန်းကိုယ်တိုင် သူ့ရဲ့  အွန်လိုင်းကနေတဆင့် ကွင်းလမ်းအကြောင်းကိုပြောလို့ စစ်ကောင်စီတပ်က ဆင်းဖမ်းတာလို့ သိရတယ်။ နောက်ရက်တွေတော့ ကယ်ရီသမားတွေကိုတော့ ပေးသွားတယ်။ ကုန်တွေတော့ ပေးမသယ်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(၅၅)ဦး ဖမ်းဆီးခံရသည့်ကိစ္စကိုလည်း နောင်ချိုနှင့် ပြင်ဦးလွင်မှ ဒေသခံတချို့ကလည်း Tachileik News Agency ကိုအတည်ပြုပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးထောင်ချသည်ကိုမူ မသိရပေ။

ဝက်ဝံဂိတ်သည် စစ်ကောင်စီဘက်က အထိုင်ချထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကလာသည့် ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သောအရပ်သားများအား ပေးမဖြတ်ခြင်း၊ ရစ်ခြင်းနှင့် ငွေကြေးတောင်းခြင်းတို့ကြောင့် အရပ်သားများသည် ဝက်ဝံဂိတ်ကို ရှောင်ကွင်းသွားလာနိုင်သော ကွင်းလမ်းကိုသာ အသုံးပြုလာကြခြင်းဖြစ်သည်။

“သူတို့က နောင်ချိုဘက်ကို ဖြတ်လေးဖြတ် လုပ်မှာဆိုတော့ ကုန်ပစ္စည်းပေးမသယ်ဘူး၊”ဟု ပြင်ဦးလွင်မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ (၁၅)မိုင်ဝန်းကျင်အကွာက စစ်ကောင်စီအမြောက်တပ်များ အထိုင်ချရာ တောင်းခမ်းဒေသကို TNLA ပူးပေါင်းတပ်များက ဩဂုတ်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်ဖြစ်နေသည်။ 

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် နိုဝင်ဘာလ (၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဒေသခံ(၁၈)ဦးသေဆုံးပြီး (၃၄)ဦး ဒဏ်ရာရသည်ဟု TNLA ကဖော်ပြသည်။

ထို့သို့ စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကြောင့် အရပ်သားများကို ငဲ့ညှာသည့်အနေဖြင့်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲများရပ်စဲရေးအတွက် တရုတ်၏ကြားဝင်ပေးမှုကြောင့်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု TNLA ဘက်က နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ထုတ်ပြန်သည်။

#TachileikNewsAgency