နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄)နှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့မှ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများအား TNLA ထုတ်ပြန်၊ ခလရ (၁၄၆) တပ်စခန်းအား သိမ်းပိုက်ထားဟုဆို

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄)နှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့မှ သိမ်းဆည်းရရှိလက်နက်ခဲယမ်းများအား TNLA ထုတ်ပြန်၊ ခလရ (၁၄၆) တပ်စခန်းအား သိမ်းပိုက်ထားဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၄)တပ်စခန်းနှင့် မိုးကုတ်မြို့ အောင်သာယာတပ်စခန်းတို့အား TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့နှင့် နောင်ချိုမြို့ ခမရ (၁၄၄)တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီလက်နက်များဖြစ်သည့် ပစ္စတို (၈)လက်၊ MA-1 (၈)လက်၊ MA-2 (၃)လက်၊ MA-3 (၃)လက်၊ G3 (၂)လက်၊ ရိုက်ဖယ်သေနတ် (၁၅)လက်၊ ကာဘိုင်သေနတ် (၁၀)လက်၊ MA-15 ငါးဂျင်းမီး (၃)လက်၊ M79 (၁)လက်၊ RPG (၁)လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၄)လက်၊ 12MM (၁)လက်၊ 81MM (၂)လက်၊ 81MM နောက်ပွင့် (၁)လက်၊ 60MM (၂)လက်၊ ဂျမ်ဘာ (၂)ခု၊ ဗုံးများ၊ မိုင်းများနှင့် စကားပြောစက်များ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကောင်စီ၏ အောင်သာယာနှင့် အာကာမိုး တပ်စခန်းအား TNLA မှ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီအလောင်း (၁၀)လောင်း နှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိသည်ဟု သိရသည်။

မိုးမိတ်မြို့ ရွှေဆာလီရွာ၌လည်းကောင်း၊ လွယ်ဝိန်းရွာရှိ စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၂၃) တပ်စခန်းနေရာ၌လည်းကောင်း၊ လယ်ကြီးရှိ စစ်ကောင်စီ စကာ(၂၁)တပ်စခန်း၊ ခမရ(၃၄၈)တပ်စခန်း၌လည်းကောင်း ယနေ့နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်ပင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၆၀၆)စခန်းကုန်းအား တအာင်းတပ်မတော် TNLAမှ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့နယ် ရှုခင်းသာရှိ ခလရ(၁၄၆) တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News