ချောင်းဦးမြို့နယ်အတွင်း ကြေးနီတင်ကားတန်းလုံခြုံရေးယူရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ်အတွင်း ကြေးနီတင်ကားတန်းလုံခြုံရေးယူရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် မြပုလဲဂိတ်စခန်းမှ ကြေးနီကားတန်း လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မြပုလဲစစ်ကောင်စီဂိတ်စခန်းမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့ နံနက် (၆)နာရီခန့်တွင်  ကြေးနီကားတန်း လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးသည် PDF ပူးပေါင်းတပ်ဖွဲ့များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ရောက်ရှိလာသဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ဇူလိုင် (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့နောက် မြပုလဲစစ်ကောင်စီဂိတ်မှ ကင်းယူရန်ထွက်လာသည့် Jammer ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ မမ ၊ စက်ကလေး ၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကောက်ယူရန်ကြိုးစားစဉ် နောက်ထပ် Jammer ကားတစ်စီး ထပ်မံရောက်ရှိလာသဖြင့် ကောက်ယူခွင့်မရခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၈)၏ ဦးဆောင်မှုနှင့်အတူ ၊ Anyar Defense Force - အညာကာကွယ်ရေးအင်အားစု ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၄)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၅)နှင့် သပြေညိုပြောက်ကျားတပ်ဖွဲ့တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency