မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်တွင်း၌ အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး

မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်တွင်း၌ အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး

မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်တွင်း၌ ရာဇသတ်ကြီးပုဒ်မ-၅၂(က) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ကျဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ် ဇွန်လ(၂၀)ရက်နေ့ မနက်(၇)နာရီဝန်းကျင်တွင် အမျိုးသားအိပ်ဆောင်(၃)တွင် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်သည် အခန်းစာရေးအဖြစ် လုပ်ကိုင်နေသည့် အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေစဉ် လက်ပူးလက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန်ကြိုးစားခဲ့ကြောင်း သိရသည်။

သို့သော် အခန်းသူကြီးတန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ခဲ့သော်လည်း အခန်းစာရေးအကျဉ်းသားက မကျေနပ်ပဲ အဆောင်(၃)၏ ဒုအဆောင်မှူးတပ်ကြပ် ဇေယျာအောင်ကို လုပ်ကြံလီဆယ်၍ တိုင်တန်းခဲ့ကြောင်း သိရှိရသည်။

တပ်ကြပ်ဇေယျာအောင်က ဖြစ်စဉ်ကို သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် ကိုထက်ရန်နိုင်က မိမိတွင်အပြစ်မရှိ၍ မရိုက်နှက်သင့်ကြောင်း ပြန်လည်ပြောဆိုသည့်အတွက် အကျဉ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟု စွပ်စွဲ၍ ကိုထက်ရန်နိုင်အား  ဒေါက်ခြေကျင်းခတ် အပြစ်ပေးရန်အတွက် Main Jail သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဉ်းသားဖိုးကေ နှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများမှ ဝါးဆစ်ပိတ်တုတ်များ၊ သံတုတ်များ၊ ကျဉ်စက်များဖြင့် ကိုထက်ရန်နိုင်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်စဉ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက်ထက်သည်  ပုဆိုးပင် မဝတ်နိုင်ခဲ့ပဲ အသက်ဘေးမှ လွတ်မြောက်ရန် အခြားအဆောင်များဆီ အကူအညီတောင်းခံအော်ရင်း ထွက်ပြေးခဲ့ရသည်ဟုကြားသိရကြောင်း PPNM မှ ဆိုသည်။

ကိုထက်ရန်နိုင်(ခ)ကိုထက် သည် အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားထွက်ပြေးခဲ့သော်လည်း အကျဉ်းထောင်အတွင်းဖြစ်သည့်အတွက် လွတ်မြောက်အောင်ပြေးရန် မစွမ်းနိုင်ခဲ့ဘဲ အိပ်ဆောင် (၅) စိုက်ခင်းတွင် အကျဉ်းဦးစီးဝန်ထမ်းများ၏  ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ညိုမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုထက်ရန်နိုင်(ခ)ကိုထက်သည် သတိလွတ်ပြီး ကယောင်ကတမ်းဖြစ်လာသောကြောင့် မနက် (၁၀) နာရီ ဝန်းကျင်၌ ကိုထက်ရန်နိုင်ကို ကြိုးတုတ်ကာ Wheel Chair ပေါ်တင်ပြီး အကျဉ်းထောင်ဆေးရုံဘက်သို့ ခေါ်ဆောင်သွားခဲ့ကာ ဆေးဝါးကုသမှုကို လုံလောက်စွာ မပေးဘဲ ဆေးရုံဝင်းအတွင်းရှိ အရူးတိုက်တွင် ပိတ်လှောင်ထားခဲ့ကြောင်း PPNM မှ ဆိုသည်။

အကျဉ်းထောင်တာဝန်ခံများသည် ကိုထက်ရန်နိုင်(ခ)ကိုထက် အသက်ငွေ့ငွေ့သာ ကျန်တော့သည့်အချိန် နေ့လယ် (၁) နာရီကျော်‌ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကိုထက်ရန်နိုင် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

“ICRC အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်အတွင်းဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အာရုံစိုက်ပေးရန်နှင့် မတရားညှဉ်းပန်းနှိပ်ဆက်နေချိန် သေဆုံးခါနီး အကူအညီတောင်းခံသံများကို နားစွင့်ပေးကြဖို့ မြန်မာပြည်သူများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများအား တောင်းဆိုလိုကြောင်း” မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ ဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency