မုံရွာမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ရေးပစ်မှတ်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။

မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီးတွင် ချောင်းဦး မြပုလဲဂိတ်မှ လာရောက်ကင်းစောင့်နေပြီး လမ်းသွားလမ်းလာများကို တားစီးစစ်ဆေးကာ ကြေးနီတင်တွဲကားများအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များအား ၂၀၂၄ခုနှစ် ဇွန်လ (၂၄) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် အသင့်ပြင်ထားသည့် ပဒေသာမိုင်း (၃)လုံး တစ်ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မိုင်းကွင်းအနားသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့နှစ်ဦး ထိခိုက်မှုများရှိနိုင်ကြောင်း People's Defence Force - South Monywa အဖွဲ့မှ ဆိုသည်။

ထို့အပြင် ဇွန်လ (၂၄) ရက်နေ့ မနက် (၁၁) နာရီခန့်တွင် စစ်ကိုင်းမှထွက်လာသည့် စစ်ကောင်စီကြေးနီတင်တွဲကား (၇)စီးပါ ယာဉ်တန်းအနက် (၆) စီးမြောက်တွဲကား နှင့် (၇) စီးမြောက်တွဲကားအား ပဒေသာမိုင်း (၃)လုံး နှစ်ပွိုင့် စုစုပေါင်း (၆)လုံးဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း People's Defence Force - South Monywa အဖွဲ့မှ ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်ကလည်း ဆင်ဖြူရှင်ဘက်မှ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂) စီးနှင့် ဖလက် (၁) စီးတို့အား ဝဲကြီးဝဲကွဲရွာအနီး၌ လက်လုပ် (၆၀) မမ (၂) ဖူး နှင့် ရှေ့ထွက်မိုင်း (၁) လုံးတို့ဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa ၊ နွေဦးလူငယ်People's Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊

မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့၊ Youth Vigor Revolution Force နှင့် Black Hunter People's Task Force အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency