စစ်ခေါင်းဆောင်တို့ ဖိအားပေးခြင်းကြောင့် အဆုံးစီရင်သွားသည့် စကခ(၁၂)မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးအတွက် လှည်းကူးမြို့နယ်ရှိ မဂ္ဂဖလဝိဟာရ ဝိပဿနာတောရကျောင်းတွင် ၎င်း၏ ညီအစ်ကိုများမှ ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် နေ့ဆွမ်းဆပ်ကပ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီးအောင်ကျော်မိုးအတွက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည့် အကြောင်းအရာတွင် ဦးအောင်ကျော်မိုးဟုသာ ၎င်း၏ ညီအစ်ကိုများက ဖော်ပြခဲ့ရပြီး ရာထူးနှင့် တာဝန်ထမ်းဆောင်သည့်တပ်အမည်များကိုမူ ဖော်ပြခွင့်မရဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆိုသည်။
ဗိုလ်မှူးကြီးအောင်ကျော်မိုးသည် ယခင်က လှည်းကူးမြို့နယ်ရှိ တပ်ရင်းမှဖြစ်ပြီး ယင်းနောက် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို စကခ(၁၂)မှူး ဗိုလ်မှူးချုပ်ရာထူးဖြင့် ရောက်လာကာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သို့ ဩဂုတ်လ (၃)ရက်နေ့ကစစ်ကူသွားစဉ် တန့်ယန်းမြို့နယ်အတွင်း MNDAA တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများစွာ သေဆုံးရခြင်းကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်သည်။
တန့်ယန်းမှ လားရှိုးမြို့သို့ အင်အားအများအပြားဖြင့် စစ်ကူယာဉ်တန်းတက်လာစဉ် MNDAA ပူးပေါင်းတပ်က ဇူလိုင်လ (၃၀)ရက်နေ့တွင် မန်ပန်နှင့် နမ့်ပေါင်ကြားအရောက်တွင် ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြားသေကာ ထွက်ပြေးခဲ့ကြရသည်။
“ဗိုလ်မှူးကြီးအောင်ကျော်မိုးရဲ့ မိန်းမက ဒေါ်နှင်းဝေသိန်း သမီးကြီးက မခန့်ငြိမ်းချမ်းမိုး၊ သားဖြစ်သူက မောင်ခန့်မိုးယံကျော် အခုသူသေတော့ ရာထူးတောင်ဖော်ပြခွင့်မရှိဘူး။ အထက်က ဖိအားပေးလို့။ သူက ဗိုလ်မှူးချုပ် အပွင့်မတင်ခင် သေတာ။”ဟု တပ်တွင်းသတင်း အရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် ၁၀၂၇ ပထမလှိုင်းတွင် လောက်ကိုင်၌ MNDAA ၏ ထိုးစစ်ကို လက်နက်ချခြင်းကြောင့် သေဒဏ်ပေးခံရသည့် ဗိုလ်မှူးချုပ်အောင်ဇော်လင်းနေရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် လှည်းကူးတပ်နယ်မှ ရာထူးတိုးပြီး အစားထိုးဝင်ရောက်လာသူ ဖြစ်သည်။
ဗိုလ်မှူးချုပ်အောင်ကျော်မိုးသည် ရဲမွန်အခြေစိုက် အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း(ရကသ ၂)၏ ဒုတိယကျောင်းအုပ်နှင့် နည်းပြချုပ်လည်းဖြစ်ခဲ့ပြီး စကခ(၁၂)၏ ကျဆုံးခန်းဟု ဆိုရလောက်သည့် စကခမှူး(၂)ဦးဆင့် ရှမ်းမြောက်တွင် စစ်ရေးရှုံးနှိမ့်မှုလည်းဖြစ်သည်။
ဗိုလ်မှူးချုပ် အောင်ဇော်လင်းကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် MNDAA ထံ လက်နက်ချအညံခံ၍ စစ်ကောင်စီက ၂၀၂၄ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် သေဒဏ်ပေးပြီးနောက် ဗိုလ်မှူးကြီးအောင်ကျော်မိုးက ၎င်း၏ နေရာကို အစားထိုးဝင်ရောက်လာခဲ့သည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးကြောင်း MNDAAက ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂)နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင် တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့်အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။
#TachileikNewsAgency