သံတွဲမြို့နှင့် ဘေးချင်းကပ်ရွာတွင် လက်နက်ကြီးကျကာ ဒေသခံ ၇ ဦးဝန်းကျင် ထိခိုက်သေဆုံး

သံတွဲမြို့နှင့် ဘေးချင်းကပ်ရွာတွင် လက်နက်ကြီးကျကာ ဒေသခံ ၇ ဦးဝန်းကျင် ထိခိုက်သေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ကျေးရွာတွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျကာ ဒေသခံများထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။ 

သံတွဲမြို့နှင့် ဘေးချင်းကပ် ရွှေကျောင်းပြင်ရွာတွင် ဇွန်လ(၂၂)ရက်နေ့ည (၆)နာရီကျော်ကစတင်၍ လက်နက်ကြီးများကျရောက်ပေါက်ကွဲကာ ဒေသခံ (၇)ဦးဝန်းကျင် ထိခိုက်သေဆုံးသည်ဟု သိရသည်။

"လက်နက်ကြီးက စာသင်ကျောင်းနားတစ်လုံး၊ BOC နားတစ်လုံး ကျတယ်။ BOC ဆိုတာ ရေနံထုတ်ပေးတဲ့နေရာ။ နှစ်ဦးသေသွားတယ်။ လေယာဉ်နဲ့ပါ ဗုံးကြဲတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရပြီး သံတွဲခရိုင်ဆေးရုံသို့ရောက်ရှိလာသည်ဟုလည်း ဒေသခံများက ပြောဆိုကြသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

"မြို့ထဲကနေ ပစ်ခတ်သံတွေတော့ မကြားရဘူး။ လက်နက်ကြီးကျသံတော့ ကြားရတယ်။ အခုလည်း လက်နက်ကြီးထပ်ကျတယ်။ ဂျိက္ကတောင်ပိုင်းကျလို့ လူထိတယ်။ ဒေသခံတွေလည်း ကတုတ်ကျင်းထဲပုန်းနေရတယ်လို့ ရွာကလူတွေပြောတယ်။ ထိတဲ့သူတွေ ဆေးရုံမသယ်ရသေးဘူး။"ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

ရွှေကျောင်းပြင်ရွာနှင့် သံတွဲမြို့သည် အလယ်တွင် နံတော်တောင်ဘုရားသာခြားပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

သံတွဲမြို့ပေါ်တွင် စစ်ကောင်စီ၏ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်များနှင့် အကျဉ်းထောင်တို့ရှိသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ငပလီကမ်းခြေအနီးရှိ ခလရ(၅၅)၊ ခမရ(၅၅၆) တပ်တို့အနီးတို့တွင်လည်း တိုက်ပွဲဖြစ်နေသည်။

#TachileikNewsAgency