ဇွန်လဒုတိယပတ်အတွင်း စစ်ကောင်စီမှ အရပ်သား ၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ရခိုင်ပြည်နယ်က ဒေသခံ ၂၂ ဦးပါဝင်

ဇွန်လဒုတိယပတ်အတွင်း စစ်ကောင်စီမှ အရပ်သား ၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ရခိုင်ပြည်နယ်က ဒေသခံ ၂၂ ဦးပါဝင်

စစ်ကောင်စီမှ ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိ တပတ်တာအတွင်း နိုင်ငံအနှံ့တွင် အရပ်သား (၄၉) ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲတွင် ရခိုင်ပြည်နယ်မှ ဒေသခံ (၂၂)ဦးပါဝင်ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အပတ်စဉ် စာရင်းကောက်ယူမှုအရသိရသည်။

စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်နေသည့် နိုင်ငံတဝန်းဖြစ်စဉ်များတွင် ပြီးခဲ့သည့်တပတ်တာအတွင်း ရခိုင်ပြည်နယ်မှ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ် သဝင်ချောင်းရွာ၊ လက်ပံပြားရွာ၊ မနော်သီရိရွာ၊ ဗောဓိကုန်းရွာအပါအဝင် ကျေးရွာများနှင့် အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်များတွင် သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်တို့တွင်လည်း စစ်ကောင်စီတပ်များသည် ရခိုင်ပြည်နယ်အတွင်း၌ အရပ်သား သတ်ဖြတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အရပ်သား (၇၆) ဦး သတ်ဖြတ်ခံရမှုသည် အဆိုးဝါးဆုံးဖြစ်ကြောင်း Burma Affairs & Conflict Study အဖွဲ့မှ ဆိုသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် ပုံစံများသည် လက်နက်ကြီးပစ်ခြင်း၊ အရက်ဘက်နေရာများအား လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုခြင်း ၊ စစ်ကြောင်းထိုးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပါဝင်ကြောင်း သိရသည်။

ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိ တစ်ပတ်တာအတွင်း ရရှိထားသည့် စာရင်းများအရ အရပ်သား ပြည်သူများ၏ နေအိမ်ဖျက်ဆီးခံရမှုများသည်လည်း (၂၃၃) လုံးရှိခဲ့ပြီး၊ မြေပြင်တွင် ဒီထက်မက များပြားနိုင်ကြောင်း BACS အဖွဲ့မှ ဆိုသည်။

ရက္ခိုင့်တပ်တော် AA က  မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေပြီး မောင်တောမြို့သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကာ တပြိုင်နက်ထဲမှာပင် သံတွဲမြို့ အနီးဝန်းကျင်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံတဝန်း၌ ပြီးခဲ့သည့် တစ်ပတ်အတွင်း တိုက်ခိုက်မှုပေါင်း (၁၆၉)ကြိမ် ဖြစ်ပွားခဲ့ပြီး  တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စခန်း (၁၄) ခုကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းများ၊ လေကြောင်းတိုက်ခိုက်ခြင်းများ ရှိနေသည့်ကြားမှ ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်များလည်း ဆက်လက်ရှိနေပြီး တစ်ပတ်အတွင်း မြို့နယ်ပေါင်း (၁၀) မြို့နယ်၌ သပိတ်ထွက် ဆန္ဒပြသည့် အကြိမ်ရေ (၄၄) ကြိမ်အထိ ရှိခဲ့ပြီး “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ”၊ “မတရား စစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”၊ “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများ အလိုမရှိ” စသည့် ခေါင်းစဉ်များနှင့် ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ၊ နိုင်ငံအနှံ့ရှိ စစ်ရာဇဝတ်မှုများနှင့် အရပ်သားသေဆုံးမှုများ ၊ စစ်ကောင်စီ၏ လှုပ်ရှားမှုများနှင့် သတင်းအချက်အလက်များကို မီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study