ရေး-ထားဝယ် လမ်းပိုင်းတွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

ရေး-ထားဝယ် လမ်းပိုင်းတွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရေး-ထားဝယ်လမ်းပိုင်းတွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း Dawei Guerrilla Revolutionary Force-DGRF မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေး-ထားဝယ် လမ်းပိုင်းတနေရာဖြစ်သည့် ဇဟာကျေးရွာနှင့် မောမယ်ရှောင်ကျေးရွာအကြား တံတားဖြူအနီးတွင် ကင်းပုန်းလာချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၁၅) ရက်နေ့ မနက် (၁၀) နာရီခန့်တွင်တစ်ကြိမ် ၊ (၁၀) နာရီခွဲခန့်တွင် တစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Dawei Guerrilla Revolutionary Force–DGRF ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (ထားဝယ်-ပ.က.ဖ)၊ ဥဩစစ်ကြောင်း၊ ရေဖြူမြို့နယ် (ပ.က.ဖ) DNLA နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (PPDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့ကလည်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Dawei Guerrilla Revolutionary Force–DGRF အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency