ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်း ပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရ

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်း ပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရ

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၅)ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ဇွန်လ (၁၅)ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ကျဉ်းများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ဆောင်ခဲ့ပြီးနောက် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူများကို အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့် လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေးကျော်သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် ကျော်ဇင်အောင်မှ တာဝန်ယူ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း PPNM မှ ဆိုသည်။

ကျိုက်မရောအကျဉ်းထောင်တွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၅)ရက်နေ့ ညနေတန်းပိတ်ထားချိန်တွင် ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်းအင်အား (၂၀)ခန့်သည်  နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင်(၁၉-စ)၊ ကိုအောင်ဇော်မင်း(၅၂-က)၊ ညီညီ (၅၂-က)၊ ကိုဇာနည်အောင် (၅၂-က)၊ ကိုနန္ဒအောင်လင်း(၅၀-ည)တို့အား အင်အားသုံး၍ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

လာ‌ရောက်ခေါ်ဆောင်ချိန်တွင် အကျဉ်းဦးစီးဘက်မှ ခိုင်မာသည့် အကြောင်းပြချက်မပေးဘဲ အတင်းဆွဲခေါ်ထုတ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများမှ ပြန်လည်ရုန်းထွက်သဖြင့် လေးခွများ၊နံပါတ်တုတ်များနှင့် ရိုက်နှက်၍ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်ထိ ခေါ်ဆောင်ရိုက်နှက်၍ တိုက်ပိတ်ခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (၅)ဦးအား ထောင်အာဏာပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ကျဉ်း (၅) ဦးအား ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁)၊ လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ဘဲ ခုခံသည်ဟုဆိုကာ ပုဒ်မ (၂၂၄)နှင့် တရားစွဲဆိုထားပြီး အခြားပုဒ်မများဖြင့်လည်း မတရား အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ ဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency