လင်းသီရွာမှ နေအိမ်များကို AA ကဖောက်ထွင်းကြောင်းနှင့် ဂေါ့ရွာသားများကို ဖမ်းဆီးထားကြောင်း သံတွဲမြို့တွင်း၌ စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်

လင်းသီရွာမှ နေအိမ်များကို AA ကဖောက်ထွင်းကြောင်းနှင့် ဂေါ့ရွာသားများကို ဖမ်းဆီးထားကြောင်း သံတွဲမြို့တွင်း၌ စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်

ရခိုင်ပြည်နယ် သံတွဲမြို့ တိုက်ပွဲဖြစ်ပွားရာ လင်းသီရွာမှ နေအိမ်များကို အာရက္ခတပ်တော်(AA)က ဖောက်ထွင်းကြောင်းနှင့် ဂေါ့ရွာသားများကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီထောက်ခံသူများက မြို့တွင်း၌ ဝါဒဖြန့်နေသည်။

သံတွဲမြို့နှင့် (၅)မိုင်ခန့်အကွာ ငပလီကမ်းခြေအနီးရှိ ဂေါ့ရွာတိုက်ပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ပိတ်မိနေသည့် ဒေသခံ(၁၀၀၀)ဝန်းကျင်ကို AAက ဘေးကင်းရာသို့ ကယ်ထုတ်ပေးခဲ့သည်ကို စစ်ကောင်စီတပ်ထောက်ခံသူများက ဖမ်းဆီးသွားသည်ဟု စွပ်စွဲဝါဖြန့်နေခြင်းဖြစ်သည်။

"ဂေါ့က လူ(၁၀၀၀)ကျော်ကိုခေါ်သွားတယ်။ သူတို့ဖမ်းထားတယ်။ ဖုန်းလဲလိုတာထက်ပိုပေးမပြောဘူး။ ကျည်ကွယ်နေရာရောက်ရင် ပြန်လွှတ်ပေးဖို့သင့်တာပေါ့။"ဟု စစ်တပ်ထောက်ခံသူ သံတွဲဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါသတင်းမှာ မဟုတ်မှန်သည့်အပြင် ဂေါ့စစ်ရှောင်များအတွက် ဆန်လှူဒါန်းထားပြီး နေရာအတိအကျဖြင့် လာရောက်ဗုံးကြဲမည်ကို စိုးရိမ်သဖြင့် ဖုန်းပြောခွင့်ကို တင်းကြပ်ထားခြင်းသာဖြစ်ကြောင်း ကူညီပေးနေသူများက ပြောသည်။

"ဂေါ့ဖက်ကလူတွေရဲ့လုံခြုံရေးအရ မကယ်ခင်ကပဲ သတင်းပေါက်ကြားမှာစိုးလို့ သေချာစာရင်းနဲ့ အိမ်နဲ့မှတ်သားပြီး ယူထားတာပါ။ အခက်အခဲတော့ရှိသံမကြား အေးဆေး။ သတင်းထွက်နေသလိုဆို AA က အလုပ်ရှုပ်ခံပြီး လာကယ်မလား။ ဖုန်းသုံးလို့ တော်ကြာဗုံးလာကြဲရင်ကော။ ကျွန်တော်တို့လည်း ဘယ်မှမသွားရဲဘူး။"ဟု ဂေါ့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲများကြား တစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာနှင့် ဂေါ့ကျေးရွာမှ ဒေသခံထောင်ချီကို အာရက္ခတပ်တော်(AA) က ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

"လင်းသီကဆိုင်တွေက AA မသိမ်းနိုင်ခင်ကကို ဖောက်ခံထားရတဲ့ အိမ်တွေများပါတယ်။ AAက စားစရာလောက်တော့ယူတယ်။ တချို့ AA ရောက်ပြီးမှ ဖောက်တဲ့သူခိုးအချို့ကိုလည်း AAက ဖမ်းဆီးထားပါတယ်။"ဟု လင်းသီးရွာခံတစ်ဦးက ပြောသည်။

သံတွဲမြို့ ရွှေလှေတိုက်နယ်တွင် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာက ဇွန်လ (၂)ရက်နေ့တွင် ငပလီကမ်းခြေအနီးရှိ ဂေါ့ရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြို့တွင်းရှိ စစ်တပ်ထောက်ခံသူများက သတင်းမှားပေးခြင်း၊ ဝါဒဖြန့်ခြင်းများအား ပြုလုပ်လာကြခြင်းဖြစ်သည်။

#TachileikNewsAgency