စစ်ကောင်စီက ထောင်ချထားသည့် NLD အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း ဆေးရုံတင်ထားရ

စစ်ကောင်စီက ထောင်ချထားသည့် NLD အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း ဆေးရုံတင်ထားရ
By Tachileik News Agency

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် NLD အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား  မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း နီးစပ်သူများထံမှ သိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီက ဖမ်းဆီးပြီး  ရာကြီးမှုအမှတ်(၄၁၊၄၂၊၄၃/၂၀၂၁)၊ အဂတိ(၅၅)ဖြင့်စွပ်စွဲကာ မန္တလေးဗဟိုအကျဉ်းထောင်၌ ထောင်(၉)နှစ်ချထားခြင်းဖြစ်သည်။ 

ဦးသောင်းထွန်းအား ယမန်နေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီခွဲက  အိုးဘိုအကျဥ်းထောင်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး (၆)ထပ်ဆောင်ရှိ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ၊ နှလုံးရောဂါအထူးကုဌာနသို့ ပို့ဆောင်ကုသနေရသည်ဟု သိရသည်။

ဦးသောင်းထွန်းသည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့်အပြင် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌ၊  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

ယင်းအပြင်  နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးစွပ်စွဲအကျဉ်းကျခံရသူအများအပြားမှာ ဆေးဝါးလုံလောက်စွာ ကုသခွင့်မရကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထောက်ပြဝေဖန်ထားသည်။

စစ်ကောင်စီက ဖမ်းဆီးစွပ်စွဲအကျဉ်းချခံထားရသူများအနက် အိုးဘိုအကျဉ်းထောင်တွင် ထောင်(၂၈) နှစ်ချမှတ်ခံရသော NLD အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်မှာ ထောင်တွင်းကျန်းမာရေးဆိုးရွားလာသဖြင့် အောက်တိုဘာလ ဒုတိယပတ်အတွင်းက မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကာ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရသည်။

အလားတူ အောက်တိုဘာလ(၇)ရက်နေ့ကလည်း NLD အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှာ ထောင်တွင်း ကျန်းမာရေးဆိုးရွားလာသဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ကွယ်လွန်ခဲ့ရသည်။

စစ်ကောင်စီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့အား ဆေးရုံတွင် ကျန်းမာရေးဆိုးရွားလာချိန်၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။